ဇော်ဇော်ထွေး
ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးစဉ်ရဲများနှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးသူများအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးကို အသေပစ်ခတ်ဖမ်းမိခဲ့ပြီး တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့သည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်တာနက်လူမှုကွန်ယက် စာမျက်နှာမှတဆင့် သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်မှရဲများက ဘားအံမြို့နယ်၊ ကော့သင်းရှုးကျေးရွာအုပ်စု၊ လိုင်ကားရွာမှ တစ်မိုင်အကွာရှိ တောထဲတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးနေကြောင်း သတင်းရသဖြင့် သွားရောက်ရှာဖွေရာ မှ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါတောထဲရှိ မူးယစ်ဆေးရောင်းသည့် အိမ်အနီးသို့ အရောက်တွင် ရဲနှစ်ဦးက မူးယစ်ဆေးဝယ်လိုသူအဖြစ် ဟန်ဆောင်ကာ အရောင်းအ၀ယ်ဆောင်ရွက်ကြစဉ် ဆေးရောင်းသူနှစ်ဦးက ၎င်းတို့ကိုရဲများဖြစ်ကြောင်း ရိပ်မိသဖြင့် အမ်-၁၆ သေနတ်များဖြင့် စတင်ပစ်ခေတ်ခဲ့ကြသည်ဟု ရဲဌာနက ဆိုထားသည်။
ထို့ကြောင့် ရဲများက ပြန်လည်ပစ်ခတ်ကြရာ တစ်ဦး၏ခြေထောက်ကို သေနတ်ကျည်ဆန် ထိမှန်သွားခဲ့ပြီး ထွက်ပြေး သွားခဲ့သည်။ ကျန်တစ်ဦးမှာမူ ၀ဲဘက်ရင်အုံနှင့် ၀ဲခြေသလုံးတွင်ကျည်မှန်ပြီး သေဆုံးခဲ့သည်ဟု ရဲဌာနက ဆိုသည်။
ထို့နောက်ရဲများက ၎င်းတို့နှစ်ဦးနေထိုင်ခဲ့သည့် တဲအိမ်ကိုရှာဖွေရာ အမ်-၁၆ သေနတ်တစ်လက်၊ ထိုသေနတ်ပစ်သည့် ကျည် ၁၃ တောင့်၊ ၁၅ တောင့်ဝင်ကျည်ကဒ်နှစ်ခု၊ လုပ်သေနတ်အတိုသုံးလက်၊တူမီးပြောင်း ရှည်သုံးလက်၊ ကိုးမမကျည် သုံးတောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်သည်။
တဲအိမ်ထဲတွင် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၄၀၀၀ ခန့်ကိုလည်းတွေ့ရှိရပြီး ထိုဆေးများသည် တန်ဖိုးအားဖြင့် ၉၁ သိန်းကျော်တန်ဖိုးရှိသည်ဟု ရဲများကသတ်မှတ်ထားသည်။ ထို့ပြင် မူးယစ်ဆေးသုံးရာတွင် တွဲဖက်အသုံးပြုသည့် ၀ါးပြောင်းသုံးခု၊ ယမ်းမှုန့်များ၊ ခဲသီးများ၊ ဓားများလည်း သိမ်းဆည်းရမိ ခဲ့သေးသည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။
ယခုအမှုကို ဒေသအပိုင်ရဲစခန်းဖြစ်သည့် အိန္ဒုရဲစခန်းက မူးယစ်အမှုအမှတ် (ပ) ၁၁/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသူကို ဖမ်းမိပါက မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/ ၁၉(က)/၂၀(က) / ၂၂၇(ခ)/၂၁ တို့ဖြင့် တရားစွဲဆိုမည်ဟုဆိုသည်။
သေနတ်ဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရဲများကလိုက်လံဖမ်းဆီးနေသူမှာ ကိုမုဆိုး(ခ) ကို ကြာကူးဖြစ်ပြီး ရဲများနှင့်အပြန်အလှန်ပစ်ခေတ်စဉ် သေဆုံးသွားခဲ့သူမှာ ကိုမိုးခိုင်ဆိုသူဖြစ်ကြောင်း ရဲဌာန ကအတည်ပြုထားသည်။
မဇ္ဈိမက ကရင်ပြည်နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ မူးယစ်ဆေးရောင်းသူများနှင့် အခြေအတင် ပစ်ခတ်ဖမ်း ဆီးခဲ့ရာတွင် မည်သည့်ရဲမျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိခဲ့ကြောင်း တာဝန်ကျရဲအရာရှိက ပြောကြားသည်။ အမှုကိုမူ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
No comments:
Post a Comment