Friday, August 16, 2013

စစ်ကိုင်းတိုင်း၌ တစ်လလျှင် ယာဉ်တိုက်မှု တစ်ရာကျော်ဖြစ်နေ

ကိုတိုးကြီး | သောကြာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၃

စစ်ကိုင်းတိုင်းအတွင်း၌ ယခု ၂၀၁၃ နှစ်ဆန်းမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း တစ်လလျှင် ယာဉ်တိုက်မှု ၁၀၀ ကျော် ဖြစ်ပွားနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများတွင် လေ့လာတွေ့ရှိရသည်။

ရှစ်လအတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၈၆၀ ခန့်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၉၀ ခန့်ရှိခဲ့သည်ဟုလည်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။ သေဆုံးသူအများစုမှာ အမျိုးသားများဖြစ်ပြီး ၁၄၀ ကျော်ပင်ရှိခဲ့ပြီး အမျိုးသ မီးမှာ ၄၅ ဦး သေဆုံးခဲ့သည်။

ယင်းကဲ့သို့ဖြစ်ပွားရခြင်းသည် စစ်ကိုင်းတိုင်းအတွင်း၌ ယာဉ်သုံးစွဲသူဦးရေ များပြားလာသော်လည်း လမ်းများသည် အကျယ် ၁၈ ပေခန့်သာရှိသဖြင့် ဖြစ်နိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ခွဲမှူး ရဲမှူးခင်ဇော်မြင့်က သုံးသပ်ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လေ့လာချက်များအရ စစ်ကိုင်းအတွင်းတွင် ဆိုင်ကယ်စီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် ပျက်ကွက်ကြပြီး အများစုသည် ဖုန်မှုန့်ကာရန်အလို့ငှာ တပ်ဆင်သည့် နှာခေါင်းစည်းကိုသာ တပ်ဆင်ကြ သည်ဟု သိရသည်။

ဆိုင်ကယ်စီးစဉ် ဦးထုပ်ဆောင်းရန် ပျက်ကွက်သဖြင့် အရေးယူခံရသူများတွင် သူနာပြု၊ ရဲ၊ စစ်သားနှင့် ကျောင်းသား များပင် ပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ယာဉ်တိုက်မှုအများဆုံးခရိုင်မှာ မုံရွာခရိုင်ဖြစ်ပြီး ရှစ်လအတွင်း ၃၃၂ မှု ရှိခဲ့သည်။ ကျန်ခရိုင် များဖြစ်သော ရွှေဘိုခရိုင်တွင် ၁၈၇ မှု၊ စစ်ကိုင်းခရိုင်တွင် ၁၁၈ မှု၊ ကလေးခရိုင်တွင် ၈၉ မှု၊ က သာခရိုင်တွင် ၈၅ မှု၊ ခန်္တီးခရိုင်တွင် ၂၂ မှု၊ တမူးခရိုင်တွင် ၁၉ မှုနှင့် မော်လိုက်ခရိုင်တွင် ၁၃ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

No comments: