ABC
ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ခြောက်ဦး တရားရင်ဆိုင်နေရပြီလို့ သိရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေပါလာတဲ့ ဘတ်စ်ကားတစ်စီးကို တားဆီးပြီး ဘတ်စ်ကားပေါ်ပါလာတဲ့ မွတ်စလင်ခရီးသည် ၁၀ ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
အဲဒီမတိုင်ခင် ရက်ပိုင်းမှာပဲ ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်စလင်တွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာကို လက်စားခြေတဲ့အနေနဲ့ ဘတ်စ်ကားပေါ် ပါလာသူတွေကို သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ပြီးနောက် မွတ်စလင်နဲ့ ရခိုင်တွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လူပေါင်း ၂၀၀ ကျော်သေဆုံးရပြီး သိန်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်နေရပါတယ်။
ဘတ်စ်ကားပေါ်ပါလာတဲ့ မွတ်စလင်တွေကို သတ်ဖြတ်မှုနဲ့ ဗုဒ္ဓဘာသာဝင် ၆ ဦးကို သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ရုံးတင်စစ်ဆေးမယ်လို့ ရဲတစ်ယောက်က အေအက်ဖ်ပီသတင်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း မွတ်စလင်တွေကသာ အပြစ်ပေးခံရတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ပြီးနောက် အခင်းဖြစ်ပွားမှုမှာပါဝင်တဲ့ ဗုဒ္ဓဘာသာဝင် အယောက် ၂၀ ကျော် ထောင်ဒဏ် ၂နှစ် ကနေ ၁၀ နှစ်အထိ ကျခံနေရပြီ ဖြစ်ပါတယ်။

No comments:
Post a Comment