ချိုကို | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၃
ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အော်ပရေတာ လုပ်ခွင့်ရရှိထားသည့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာ ၀န်ထမ်းဦးရေ ၃၀၀၀ ခန့်ကို အလုပ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
ဝန်ထမ်းများ ခန့်အပ်ရာတွင် ယခုနှစ်အတွင်း ကဏ္ဍအလိုက် သုံးကြိမ်ခွဲ၍ခေါ်ယူသွားမည်ဖြစ်သည်။ ပထမအကြိမ် ခေါ်ယူရာတွင် နည်းဗျူဟာရေးဆွဲခြင်းနှင့် လုပ်ငန်းစတင်လည်ပတ်နိုင်ရန် စီမံခန့်ခွဲမှု အဆင့်ရှိ ၀န်ထမ်း ၂၅ ဦးကို ခန့်အပ်မည်ဖြစ်ပြီး သြဂုတ် ၁၃ ရက်မှစ၍ စက်တင်ဘာလကုန်အထိ လျှောက်လွှာခေါ်ယူသွားမည်ဖြစ်သည်။
တယ်လီနော်ကုမ္ပဏီ၏ လူမှုဆက်ဆံရေးအရာရှိ Mrs.Tipayarat Kaewsringarm က “ပြည်တွင်းက ဒေသခံ စီမံခန့်ခွဲနိုင်တဲ့အဆင့်ရှိတဲ့သူတွေကို ခေါ်ယူရတာဖြစ်ပါတယ်။ ၀န်ထမ်းဦးရေ ၃၀၀၀ ခေါ်သွား မယ်။ ၃၀၀၀ ထဲမှာ ၂၀၀၀ က တယ်လီနော်ရဲ့ Vendor အဖြစ် လုပ်ကိုင်သွားမယ့်အပိုင်းတွေမှာ ခန့်သွား မယ်။ အဲဒီထဲမှာ Call Center နဲ့ sale and Mar-keting ပိုင်းမှာပါမယ်။ ဒီနေရာတွေကနေ ခေါ်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ် ၁၀၀၀ ကတော့ တယ်လီနောမြန်မာရဲ့ Inhouse ၀န်ထမ်းတွေဖြစ်မယ်”ဟု ပြောသည်။
ယင်းနောက် အောက်တိုဘာနှင့် ဒီဇင်ဘာလများတွင် ဆက်သွယ်ရေးနှင့် နည်းပညာကျွမ်းကျင်သူများနှင့် အခြားကဏ္ဍများအတွက် ဆက်လက်ခေါ်ယူသွားမည်ဖြစ်သည်။ ခန့်အပ်မည့်ဝန်ထမ်း ၃၀၀၀ တွင် ၀န် ထမ်း ၁၀၀၀ ခန့်ကို တယ်လီနော်လုပ်ငန်းစုတွင် တိုက်ရိုက်လုပ်ကိုင်သည့်ဝန်ထမ်းအဖြစ် ခန့်အပ်မည်ဖြစ်ပြီး ကျန်ဝန်ထမ်း ၂၀၀၀ ခန့်မှာ တယ်လီနော် နှင့် တွဲဖတ်လုပ်ကိုင်နေသည့် လုပ်ငန်းစုကုမ္ပဏီများက ခန့်အပ်သွားမည်ဖြစ်သည်။
တယ်လီနော်မြန်မာတွင် အလုပ်လျှောက်ထားလိုပါက အဆိုပါကုမ္ပဏီ၏ တရားဝင် ၀က်ဘ်ဆိုဒ်ဖြစ်သော www.telenor.com/myanmar တွင် လည်းကောင်း၊ hr.myanmar @ telenor.com သို့လည်းကောင်း အီးမေးလ်ဖြင့် အလုပ်လျှောက်လွှာများပေးပို့၍ လျှောက်ထားနိုင်မည်ဖြစ်သည်။
ယင်းအပြင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုများအတွက်လည်း Telenor Myanmar Academy သင် တန်းကျောင်း တစ်ခုကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်ဟု တယ်လီနော်၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောသည်။
၎င်းက “လုပ်ငန်းကျွမ်းကျင်မှုတွေအတွက် နည်းပညာပိုင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာကဏ္ဍအတွက် သင်တန်းတွေပေးသွား မှာပါ။ မြန်မာနိုင်ငံမှာ သင်တန်းကျောင်းဖွင့်လှစ်ဖို့ကတော့ ညှိနှိုင်းဆဲဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာဆို ရုံးချုပ် အဆောက်အအုံက တစ်ထပ်မှာပဲ သင်တန်းကျောင်းဖွင့်လှစ်ပေးထားပါတယ်။ ကုမ္ပဏီက ၀န်ထမ်းတွေကို Training လုပ်ပေးတာအပြင် တခြားက လာတက်တဲ့လူတွေလည်း ရှိနိုင်ပါ တယ်”ဟု ပြောသည်။
Telenor Myanmar အဖြစ် ပြည်တွင်းတွင် လုပ်ကိုင်ရာတွင် တယ်လီနောကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း အပြည့်ပိုင်ဆိုင် သည့် ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။ တယ်လီနော်သည် နိုင်ငံအများစုတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင်နေပြီး အသုံးပြုသူပေါင်း ၁၄၈ သန်းရှိကာ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုနော်ဝေအစိုးရက ပိုင်ဆိုင်သည်။
No comments:
Post a Comment