ABC
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က ဗုဒ္ဓဘာသာ ဘုရားဝိုင်းအတွင်း ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။
ဂျာကာတာမြို့အနောက်ပိုင်းရှိ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ တနင်္ဂနွေညတုန်းက အင်အားမပြင်းတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ တချို့သတင်းတွေမှာတော့ သုံးဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
လူပေါင်း တစ်ရာယောက် ဝတ်ပြုနေတဲ့အချိန်မှာ တံခါး ဝနား ဗုံးပေါက်ကွဲ ခဲ့တာဖြစ်ပြီး နောက် ဗုံးတစ်လုံး မှာတော့ မီးခိုးငွေ့တွေ ထွက်လာပေမယ့် ပေါက်ကွဲတဲ့အထိ မဖြစ်ခဲ့ပါဘူး။
ဗုံးတွေ သယ်ဆောင်လာတဲ့ အစိမ်းရောင် အိတ်နားမှာ စာရွက်တစ်ရွက်တွေ့ခဲ့ရပြီး အဲဒီစာရွက်ပေါ်မှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျုပ်တို့ ကြားရတယ်” လို့ အဓိပ္ပာယ်ပါတဲ့ စာသားတွေ ရေးထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံ သာသနာရေးရာဝန်ကြီး Suryadharma Ali က ပြောပါတယ်။
ဘုရားဝိုင်းအတွင်းက CCTV ရဲ့ ရိုက်ချက်တွေကို ပြန်လေ့လာတဲ့အခါ အဖြူရောင် ရှပ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ဦး ဘုရားဝင်းထဲ ဝင်လာပြီး ကျောင်းဆောင် အဝင်ဝနှစ်ခုနားမှာ အစိမ်းရောင် အိတ်နှစ်လုံးကို ချထားခဲ့တယ်လို့ ဆိုပါတယ်။ အိတ်ကိုချ ကျောင်းပြင်ကို ထွက်ခွာပြီး မကြာခင်မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် အဲဒီ ဗီဒီယိုရိုက်ချက်တွေကိုလည်း ရဲတွေကို အပ်နှံထားပြီး ဖြစ်ပါတယ်။
ရဲတွေကတော့ ဗီဒီယိုမှာ ပါတဲ့ပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို မသိရသေးပေမယ့် စုံစမ်းမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မွတ်စလင်တွေ နှိပ်ကွပ်ခံနေရတာကို အင်ဒိုနီးရှားနိုင်ငံသားတွေ မကြေမနပ်ဖြစ်နေကြပြီး မကြာသေးခင်ကပဲ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားသူ နှစ်ဦးကို အင်ဒိုနီးရှားရဲတွေ ဖမ်းဆီးခဲ့သလို ဒီနှစ်အစောပိုင်းမှာလည်း အင်ဒိုနီးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ကြား ပဋိပက္ခဖြစ်ခဲ့တဲ့အတွက် လူရှစ်ဦး သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓဘာသာကျောင်းကို ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘာသာရေး ရုန်းရင်းဆန်ခမှု ဖြစ်မှာ စိုးရိမ်နေကြသလို မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးက အာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့အတွက် ဒေသတွင်းမှာ မငြိမ်မသက်မှု ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ကာလအပြီး အစ်ပွဲတော် အခါသမယ ကျင်းပကြတဲ့အတွက် လုံခြုံရေးရှိဖို့ ရဲတွေ တိုးချထားပြီး ဒီကာလအတွင်း မြို့ပေါ် အလုပ်လုပ်သူတွေ မိသားစု ရှိရာ ကျေးရွာတွေဆီ အလည်အပတ်သွားလေ့ရှိတဲ့အတွက် ကားပိတ်ဆို့မှုတွေ များကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment