Wednesday, August 21, 2013

မြေယာဥပဒေ အသစ်ရေးဆွဲဖို့ လယ်သမားတွေတောင်းဆို

ABC
မြန်မာနိုင်ငံက ​တောင်သူလယ်သမားအသံ ​ဆွေးနွေးပွဲရဲ့ ​နောက်ဆုံးနေ့မှာ ​၂၀၁၂ ​ခုနှစ် ​မြေယာဥပဒေနဲ့ ​မြေလွတ်၊ ​မြေရိုင်း ​စီမံခန့်ခွဲရေး ​ဥပဒေတွေကို ​တောင်သူ ​လယ်သမားတွေရဲ့ ​အကျိုးစီးပွားနဲ့ ​အညီ ​အသစ်ပြန်လည် ​ရေးဆွဲဖို့ဆိုတဲ့ ​အချက်အပါအဝင် ​၁၇ ​ချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ​သြဂုတ်လ ​၂၀ ​ရပ်နေ့မှာ ​ပြုလုပ်ပြီးစီးခဲ့ပြီး ​ကြေညာချက်ထဲမှာ ​ပါဝင်တဲ့ ​တခြား ​အဓိက ​အချက်တွေကတော့ ​ဥပဒေတွေမှာ ​တောင်သူလယ်သမား ​ဆိုတဲ့ ​စကားရပ်ကို ​တောင်သူလယ် ​သမားတွေ ​လက်ခံနိုင်တဲ့ ​အဓိပ္ပါယ် ​ဖွင့်ဆိုချက်တွေနဲ့ ​ဖွင့်ဆိုပေးဖို့၊ ​စီမံကိန်းတွေ ​အကောင်အထည် ​ဖော်တဲ့အခါမှာ ​ဒေသခံ ​ပြည်သူတွေကို ​ပွင့်လင်းမြင်သာစွာ ​ညှိနှိုင်းပြီး ​နိုင်ငံတကာ ​စံချိန်တွေနဲ့ ​အကောင်အထည်ဖော်ဖို့၊ ​လွတ်လပ်တဲ့ ​တောင်သူလယ်သမား ​သမဂ္ဂတွေ ​ရပ်တည် ​လှုပ်ရှားခွင့်ရှိဖို့ ​ဆိုတဲ့ ​အချက်တွေ ​ပါဝင်ပါတယ်။ ​ပြီးတော့ ​တောင်သူလယ်သမားအရေး ​ဆောင်ရွက်နေတဲ့ ​သူတွေကို ​ဖမ်းဆီးချုပ်နှောင်ထားတာတွေ၊ ​တရားစွဲဆိုတာတွေ ​ရုပ်သိမ်းပေးဖို့လည်း ​တောင်းဆိုခဲ့တယ်လို့ ​သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ​၈၈ ​မျိုးဆက်ကျောင်းသားများအဖွဲ့က ​လယ်ယာမြေတာဝန်ခံ ​ဦးထွန်းမြင့်အောင်က ​ယခုလိုပြောပါတယ်။

“ထုတ်ပြန်ချက် ​ဆိုတော့ ​ဒါက ​ကျွန်တော်တို့က ​ဘုံပြသနာတွေကို ​မီးမောင်းထိုးပြတာပါ။ ​လွှတ်တော်တို့ ​အစိုးရအဖွဲ့တို့ ​ကိုတော့ ​လယ်သမားအသံတွေကို ​စီစစ်ပြီး ​ဒီထပ်ပိုပြီး ​အသေးစိတ်ကျတဲ့ ​ဟာတွေ ​တင်သွင်းသွားမှာ ​ဖြစ်ပါတယ်။”


ဆွေးနွေးချက်တွေကို ​လာမယ့် ​တစ်လအတွင်း ​လွှတ်တော်ကို ​တင်သွင်းမှာဖြစ်ပြီးတော့ ​တင်သွင်းသွားမယ့် ​အချက်အလက်တွေကိုလည်း ​အများပြည်သူကို ​ထုတ်ပြန်မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ဆွေးနွေးပွဲကို ​ပြည်နယ် ​၂ ​ခုနဲ့ ​တိုင်း ​၅ ​ခုက ​လယ်သမားကိုယ်စားလှယ် ​၆၀၀ ​ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

တောင်သူလယ်သမား ​အသင်းရဲ့ ​တွက်ချက်မှုအရ ​မြန်မာနိုင်ငံတစ်ဝှမ်းမှာ ​လယ် ​၅ ​ဧက ​အောက်ဘဲ ​ပိုင်ဆိုင်တဲ့ ​လယ်သမား ​ဦးရေ ​၁.၄၇ ​သန်းရှိတယ်လို့လည်း ​သိရတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှ ​က ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: