Friday, August 9, 2013

မန္တလေးမှ ရှစ်လေးလုံးငွေရတုအခမ်းအနား အထင်ကရပုဂ္ဂိုလ်များတက်ရောက်

အောင်ကိုဦး | သောကြာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၃

မန္တလေးမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်မြောက်ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့နိုင်ငံရေးဘက်မှ အထင်ကရပုဂ်္ဂိုလ်များဖြစ်သည့် NLD ဗဟိုကော်မတီဝင်များ၊ ကျောင်းသားသမဂ္ဂများမှ လူငယ်ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ တက် ရောက်ခဲ့ကြသည်။

ထို့ပြင် စာပေအသိုင်းအ၀ိုင်းမှ အထင်ကရဖြစ်သည့် ဆရာကိုလေး (အင်းဝဂုဏ်ရည်) ကဲ့သို့သော စာရေးဆရာများ၊ လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ထင်ရှားသော ဂဠုန်နီဆရာတော်ဦး ကာဝိယတို့ကဲ့သို့ ရဟန်းသံဃာ များလည်း တက်ရောက်ခဲ့ကြသေးသည်။

စာရေးဆရာ ဦးကိုလေးက “သမိုင်းရိုင်းခဲ့တယ်။ ရာဇ၀င်ရိုင်းခဲ့တယ်။ ဒီနေ့ကျင်းပတဲ့ ရှစ်လေးလုံးငွေရတု ဟာ အားလုံးကိုလှုပ်နှိုးနေတယ်။ သမိုင်းစာမျက်နှာအသစ်မှာ ၈၈ လိုအဖြစ်မျိုးဘယ်တော့မှ အဖြစ်မခံ တော့ဘူး” ဟု အခမ်းအနားတက်ရောက်လာသူများကို အမှတ်တရစကား ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို မြင်းခြံ၊ စစ်ကိုင်း၊ တောင်သာ၊ ပျော်ဘွယ်၊ မင်းကွန်း၊ တံတားဦးတို့မှ ပြည်သူများ လည်း တက်ရောက်ခဲ့ပြီး မွန်းလွဲ ၅ နာရီအထိ အခမ်းအနားအား ဆက်လက်ကျင်းပမည်ဖြစ်သည်ဟုပွဲစီစဉ် သူများကဆိုသည်။

အခမ်းအနားဖြစ်မြောက်ရေး အကောင်အထည်ဖော်သည့် ကော်မတီဝင်ဖြစ်သည့် ကဗျာဆရာမင်းထက် ငြိမ်းချမ်းက ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုပွဲကို ကျင်းပနိုင်ခဲ့သည့်အတွက် “၀မ်းသာတယ်၊ ပေးဆပ်ခဲ့သူတွေအတွက်ကျေးဇူးဆပ်သလို ခံစားရတယ်” ဟုပြောသည်။

ရှစ်လေးလုံး ငွေရတုပွဲသို့တက်ရောက်လာသည့် အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာတစ်ဦးက အရေးတော်ပုံ ကာလကို မသိမီခဲ့သော်လည်း ယခုအခမ်းအနားကြောင့် “ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေ စွန့် လွှတ်မှုတွေကို ဒီနေ့မြင်တွေ့ကြားသိရတယ်။ ဒီနေ့ မြန်မာပြည်ရဲ့ပြောင်းလဲရေး သမိုင်းနောက် ခံအရိပ်ကိုလည်း သိလာတယ်။ ကျွန်တော်တို့လက်ထဲကို သမိုင်းတစ်ခုထိုးထည့် လိုက်သလိုခံစားရတယ်” ဟုမှတ်ချက်ပြုသည်။

မန္တလေးတွင် ထိုအခမ်းအနားအပြင် တိုင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရှစ်လေးလုံး ငွေရတု အခမ်းအနားကို ကျင်းပခဲ့ရာပါတီဝင်များအပြင် မြို့ခံအထင်ကရ ပုဂ်္ဂိုလ်များတက်ရောက်ကြပြီး အရေးတော်ပုံ ကာလအတွင်းက မြင်ကွင်းများ၊ အတွေ့အကြုံများနှင့် သုံးသပ်ချက်များကို ဟောပြောခဲ့ကြသည်။

No comments: