ဖိုးစိုးသူ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ မူးဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) သို့ မူးယစ်ဆေး လာဖြတ်သူဦးရေ ၁၈ ဦးခန့်ရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက မဇ္ဈိမကို ပြောသည်။
၎င်းက “မနှစ်ကထက်တော့ နည်းသွားတယ်။ ဆေးလာဖြတ်ကြတဲ့အထဲမှာ လူငယ်တွေများတယ်။ ဆေးဖြတ်ဖို့ အတွက် ဆေးသုံးစွဲနေသူတွေက ပတ်ဝန်းကျင်မှာ လူသိသွားမှာ စိုးရိမ်တာ၊ နောက်ပြီး ဆေးဖြတ်ရင် မူးယစ်ဆေးမှုနဲ့ အရေးယူခံရနိုင်မလားဆိုတဲ့ အတွေးတွေကြောင့် ဆေးလာဖြတ်သူတွေ နည်းနေတာ ပါ”ဟု ပြောသည်။
ပြီးခဲ့သောနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းသို့ ဆေးလာဖြတ်သူ ၄၀၀ကျော်ရှိခဲ့ပြီး ယခုနှစ်ဝက်တွင် ဆေးဖြတ်သူ ၁၈ ယောက်ခန့်သာရှိရာ ဆေးဖြတ်သူနည်းပါးသွားပြီးအပြင် ကျန်းမာရေးဆေးခန်းများတွင် ဆေးဖြတ်ကြသူများ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း MANA ဥက္ကဋ္ဌ က ဆိုသည်။
မူးယစ်ဆေးဖြတ်ရန် လာရောက်သူများအနေဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခံရမည် မဟုတ်ကြောင်းကို လည်း MANA လက်အောက်ရှိ ဆေးဖြတ်သည့်လုပ်ငန်း ဆောင်ရွက်ပေးနေသည့် လူငယ့် အားမာန် အဖွဲ့ခေါင်းဆောင် ဦးလှမျိုးထွန်းက “ရန်ကုန်တိုင်းအတွင်းမှာက မူးယစ်ဆေးသုံးကြတာ လူငယ်တွေများတယ်။နောက်ပြီး ဘိန်းဖြူ၊ ဘိန်းမည်း မသုံးကြဘူး။ စိတ်ကြွဆေး အသုံးများကြတယ်။ မူးယစ်ဆေးဖြတ်ဖို့အတွက် လာတဲ့လူတွေကို ဥပဒေဆိုင်ရာ အရေးယူမှု မလုပ်ဘူးဆိုတာ ကျွန်တော်တို့ MANA က တာဝန်ယူပေးပါတယ်” ဟုလည်း ဆိုသည်။
သုံးစွဲနေသူများသည် မူးယစ်ဆေး ဖြတ်မည်ဆိုပါက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း လက်အောက် ရှိ လူငယ့်အားမာန်အဖွဲ့မှ မူးယစ်ဆေးပြတ်သည်အထိ ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံတွင် ကုသပေးလျက်ရှိပြီး ဆေးဖြတ်လိုသူများ ဆက်သွယ်နိုင်ကြောင်းလည်း ဦးလှမျိုးထွန်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးများ သုံးစွဲနေသူများအနေဖြင့် မူးယစ်ဆေးဖြတ်လိုပါက တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဖွဲ့စည်းထားသော အဖွဲ့စည်းများနှင့် ချိတ်ဆက်ပြီး မူးယစ်ဆေးဖြတ်နိုင်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌက ပြောသည်။
No comments:
Post a Comment