မြတ်ကျော်သူ
ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကိုက မြန်မာလွှတ်တော်အမတ်များကို ကူညီထောက်ပံ့သွားမည်ဟု သြဂုတ် ၁ ရက်၊ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြောကြားလိုက်သည်။
ဥက္ကဋ္ဌ ဂျွန်ဘာကိုသည် တိုင်းဒေသကြီးလွှတ်တော်အမတ်များ၊ ကျောင်းသားလူငယ်များနှင့် နယ်ပယ်အသီးသီးမှ စိတ်ပါဝင်စားသူများကို နာရီဝက်ကြာ ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အထက်အပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို ခိုင်မာတောင့်တင်းလာအောင် ပံ့ပိုးပေးနိုင်မဲ့ ပိုမိုစိစစ်မှုတွေ၊ ပိုကောင်းတဲ့ ဥပဒေတွေ၊ ပိုပြီးပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ၊ လူထုအတွက် လူထုနဲ့လူထုက ဖွဲ့စည်းတားတဲ့ ပိုမိုကောင်းမွန်တဲ့ အစိုးရတွေပေါ်ပေါက်လာစေမဲ့ အသိပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ အယူအဆ စိတ်ကူးစိတ်သန်းတွေ ရှိတယ်ဆိုရင် ကျွန်တော်တို့ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ တစ်ခုခုများရှိ တယ်ဆိုရင် ကျွန်တော်တို့ဘက်က ၀မ်းသာအားရ ပါဝင်ဆောင်ရွက်ပေးသွားမှာပါ” ဟု ဂျွန်ဘာကိုက ကတိပေးပြောကြားလိုက်သည်။
မြန်မာ့အရေးနှင့် ရင်းနှီးကျွမ်းဝင်သူ
ဂျွန်ဘာကိုသည် မြန်မာ့နိုင်ငံရေးနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်မခံရခင် ၂၀၀၃နိုဝင်ဘာမှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် စာဖြင့် ရေးသားမေးမြန်းသည့် မေးခွန်းပေါင်း ၃၄၃ ခု၊နှုတ်ဖြင့်မေးမြန်းသည့် မေးခွန်း ၂၉ ခု၊ မိန့်ခွန်း ၅ ခုနှင့် အခြေအတင်ဆွေးနွေးချိန် ပေါင်း ၄၆ ကြိမ်ထက်မနည်းမြန်မာနိုင်ငံအကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဂျွန်ဘာကိုက “အချိန်မတိုင်ခင် ၀မ်းသာပီတိတွေ မပွားမိကြရအောင်လည်း ကျွန်တော်တို့တွေ နိုးနိုးကြားကြားရှိနေကြရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲသလို ၀မ်းသာပီတိတွေဟာ ကြောက်စရကောင်းအောင် အန္တရယ်များလှသည့်နည်းတူ ယုံမိမှားပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ကုန်တတ်တာမျိုးမို့ပါပဲ” ဟု သတိပေးစကားဆိုသည်။
ဂျွန်ဘာကိုက ထပ်လောင်းပြောကြားသည်မှာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ဖိနှိပ်သည့်ဥပဒေများကို ရုပ်သိမ်းလိုက်ပြီဆိုပါကလည်း ဖွဲ့စည်းပုံကိုယ်တိုင်က ဒီမိုကရေစီကို နှောင့်ယှက်မည်ဆိုပါက အသွင်ကူးပြောင်းရေးသည် အတားအဆီးခံရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဝေဖန်လိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် ဖြစ်ခွင့်မပေးဘဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲမှန်သမျှကို ကျွန်တော့်နိုင်ငံမှာရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ရယ်စရာမကောင်းလှတဲ့ ပြက်လုံးတစ်ခုအဖြစ် ယူဆနေကြမှာလည်း မလွဲပါဘူး” ဟု ဖွဲ့စည်းပုံအခြေခံထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဂျွန်ဘာကိုကဆိုသည်။
ဥက္ကဋ္ဌဂျွန်ဘာကိုသည် သြဂုတ် ၁ ရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် မိန့်ခွန်းပြောကြားခဲ့ပြီး အလံပြဘုရားလမ်းရှိ ဗြိတိသျှသံအမတ်ကြီးနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်ဟု သံအမတ်ကြီးနေ အိမ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဂျွန်ဘာကို၏ ကိုယ်ရေးအကျဉ်း
ဂျွန်ဘာကို (John Simon Bercow) သည် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်မှစတင်၍ အရွေးခံခဲ့ရခြင်းဖြစ်သည်။ ဂျွန်ဘာကိုသည် ကွန်ဆာဗေးတစ်ပါတီတွင် အသက် ၂၂ အရွယ်ကပင်စတင်၍ တက်ကြွသည့် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး ပါတီတွင်းရှိများပြားသည့် လက်ျာယိမ်းအုပ်စုများတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။
၁၉၈၆ မှ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလများအတွင်းတွင်လည်း ဂျွန်ဘာကိုသည် ကောင်စစ်ဝန်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။
ထို့နောက် ၁၉၉၇ တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဘက်ကင်ဟမ်အမတ်အဖြစ်ရွေး ကောက်ခံခဲ့ရပြီး အရိပ်အစိုးရအဖွဲ့ (Shadow Cabinet) အဖြစ် တိုးမြှင့်ပေးခြင်းခံရသည်။ ၂၀၀၂ ခုနှစ်တွင် မွေးစားခြင်းနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သဘောထားကွဲလွဲကာ အရိပ်အစိုးရ အဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး တစ်နှစ်အကြာတွင် ပြန်လည်ဝင်ရောက်ခဲ့သည်။
ဂျွန်ဘာကိုသည် မြန်မာ-ထိုင်းနယ်စပ်သို့ လေ့လာရန်ရောက်ရှိခဲ့ကာ ကရင်ဒုက္ခသည်များ၊ ကရင်နီဒုက္ခသည်များကိုလေ့လာကြည့်ရှုခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံရောက်ရှိခဲ့သည်။
အောက်လွှတ်တော်အမတ် ဥက္ကဖြစ်သည့် မိုက်ခယ်မာတင် နှုတ်ထွက်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဂျွန်ဘာကိုသည် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပြီး ၂၀၁၀ တွင် လွှတ်တော်ဥက်္ကဋ္ဌအဖြစ် ထပ်မံရွေးကောက်ခံခဲ့ရသည်။
No comments:
Post a Comment