Friday, August 9, 2013

ရွာပိုင်မြေပြန်ရရေး နေပြည်တော်အထိလူ၃၀၀ ခြေလျင်ချီတက်ဆန္ဒပြမည်

အောင်ကိုဦး

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၀က်သေကျေးရွာအနီးမှမြေများတွင် ရွှေတူးဖော်ရန် အစိုးရက ကုမ္ပဏီများကို ချထားပေးလိုက်သည်ကို မကျေနပ်သဖြင့် ကျေးရွာပိုင်မြေများကို ပြန်ရရန် လာမည့် သြဂုတ် ၁၃ ရက်တွင် နေပြည်တော်အထိ ခြေလျင်ချီတက် ဆန္ဒပြကြမည်ဟု ဒေသခံများက ပြောသည်။

“ရွာကလူ ၃၀၀ နဲ့ ဆန္ဒဖော်ထုတ်ဖို့ စာတင်ထားပြီးပြီ။ ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြုချက် ရရ၊ မရရ နေပြည်တော်အထိ ချီတက်ဆန္ဒပြမှာပါ” ဟု ၀က်သေကျေးရွာမှ ဦးစိုးဌေးက မဇ္စျိမကို ပြောသည်။

မြေများကို ရွှေတူးဖော်ရေးလုပ်ကွက်အဖြစ် သတ်မှတ်ပြီး ကုမ္ပဏီများကိုချထားပေးလိုက်သည်ကို မကျေနပ်သည့် ရွာသားများက ပြီးခဲ့သည့်ဧပြီ ၂၂ ရက်ကတည်းက အာဏာပိုင်အဖွဲ့အစည်းများထံ စာရေးသား တိုင်ကြား ခဲ့သော်လည်း လေးလနီးပါး ကြာမြင့်ပြီဖြစ်သည့် ယနေ့တိုင် အရေးယူဆောင်ရွက်မှု မတွေ့သဖြင့် ဆန္ဒပြရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ၀က်သေရွာမှ ဦးဇော်မိုးက ရှင်းပြသည်။

ရွာအနီးမှမြေများတွင် ရွှေများတူးဖော်ကြသဖြင့် “ရေတွင်းရေကန်တွေ ရေခန်းပြီး သောက်သုံးရေတွေ မလုံလောက်တော့ဘူး။ ကုမ္ပဏီရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ရွာသူရွာသားတွေက မသန့်ရှင်းတဲ့ရေကို သောက်သုံးနေရတယ်။ ဒီရွာကလူတွေ ၀မ်းပျက်ဝမ်းလျှောတဲ့ရောဂါနဲ့ ကိုယ်ခန္ဓာဖောယောင်တဲ့ ရောဂါတွေ မကြာခဏ ခံစားနေရတယ်”ဟု ၀က်သေကျေးရွာတွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာထွန်းဝေက မဇ္ဈိမကို ပြောသည်။

ရွှေတူးဖော်နေသည့် ကုမ္ပဏ်ီများအနက် လုပ်ကွက်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရရှိထားသော Golden Point ကုမ္ပဏီမှ မန်နေဂျာ ဦးဝင်းကျော်နိုင်ကမူ “ကုမ္ပဏီအနေနဲ့ ကျေးရွာ ဘကကျောင်းမှာ ရေသန့်စက် လှူထားပါတယ်၊ ရေဂါလံ တစ်သောင်းဆန့်တဲ့ ရေကန် တည်ဆောက်ပေးထားပါတယ်။ ပြီးတော့ လမ်းခင်းပေးထားတယ်။ ဘကကျောင်းက ဆရာ၊ ဆရာမ ၂၀ ဦးကိုလည်း လခ ထောက်ပံ့ပေးထားတယ်” ဟု ၎င်းတို့ဘက်မှ ဆောင်ရွက်ထားမှုကို ပြန်ရှင်းပြသည်။

ထိုရွှေလုပ်ကွက်များကို အစိုးရက၂၀ဧက၊ ၁၅ဧက လုပ်ကွက်များခွဲပြီး လေလံပစ်သည်ကို ၎င်းတို့ကုမ္ပဏီ အပါအ၀င် အခြားကုမ္ပဏီများက တင်ဒါဆွဲပြီး အောင်မြင်သဖြင့် ထိုသို့ လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး “အမှန်က ဒီနေရာတွေက သစ်တောကြိုးဝိုင်းမြေပါ။ အခု ရွာမြေကျပြီးသားဆိုတော့ သစ်တောကြိုးဝိုင်းကနေ ပလပ်မြေအဖြစ် သတ်မှတ်ပေးလိုက်တယ်။ အဲဒီထဲမှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီပိုင် မြေမပါပါဘူး” ဟုလည်း သူကဆိုသည်။

ရွာသားများဘက်ကမူ Golden Point ကုမ္ပဏီ ရွှေတူးနေသော မြေသည် ရွာပိုင်မြေများဖြစ်သည်ဟု ဆိုသော်လည်း ကုမ္ပဏီ ဘက်ကလည်း ရွှေလုပ်ကွက်များသည် ရွာပိုင်မြေ မပါဝင်ကြောင်း ငြင်းဆန်ထား သည်။

ယခုကဲ့သို့ ကုမ္ပဏီများထံ ရွှေလုပ်ကွက်များ လေလံမပစ်မီက ယင်းနေရာတွင် ကနေဒါနိုင်ငံမှ ကုမ္ပဏီတစ်ခု ရွှေတူးဖူးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အစိုးရကို ပြန်အပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးဝင်းကျော်နိုင်က ပြောသည်။

No comments: