Wednesday, August 14, 2013

မြောင်းမြတွင် စစ်တပ်သိမ်းထားသည့် မြေပေါ်တွင် လယ်ဝင်ထွန်သည့်အတွက် တရားစွဲခံရ

အေးမြင့်စန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ညောင်ချောင်းလေး ကျေးရွာမှ လယ်သမား လေးဦးကို စစ်တပ်က သိမ်းထားသည့်မြေပေါ်တွင် ၀င်ရောက်ထွန်ယက်မှုအတွက် ပိုင်နက်ကျူးလွန်မှုဖြင့် မအူပင် ခလရ ၂၇ က တရားစွဲဆို ထားကြောင်း မြောင်းမြမြို့နယ် တောင်သူလယ်သမားသမဂ္ဂမှ တွဲဖက်အတွင်းရေးမှုး ဦးသန့်ဇော်ဦးက မဇ္ဈိမသို့ပြောသည်။

အဆိုပါ လယ်သမား လေးဦးမှာ ထပ်မံ တရားစွဲဆိုခြင်း ခံရသူများဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်ကလည်း မြောင်းမြမြို့နယ် ပျဉ်ပုံကျေးရွာအုပ်စုမှ လယ်သမား ကိုးဦးကို ဖျာပုံခလရ ၉၈ က ပိုက်နက်ကျူး လွန်မှုဖြင့်တရားစွဲထားခဲ့ပြီးဖြစ်သည်။

အဆိုပါ လယ်သမားလေးဦးမှာ သိမ်းဆည်းခံထားရသည့် လယ်မြေများပေါ်တွင် ၀င်ရောက် စိုက်ပျိုးရန် ကြိုးစားရာမှ စစ်တပ်က သြဂုတ် ၉ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းခံ လယ်မြေများမှာ ဧက ၅၀၀ ဖြစ်ပြီး ၂၀၀၅ ခုနှစ်က မြောင်းမြမြို့နယ်၊ အိမ်မဲ၊ ဖျာပုံ၊ မအူပင်နှင့် မော်ကျွန်းမြို့နယ်အတွင်းရှိ တပ်ရင်းငါးခုမှ ဒေသခံ တောင်သူ ၃၀ ခန့်ပိုင်သော လယ်မြေများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

ဦးသန့်ဇော်ဦးက “တောင်သူ ဦးအောင်မြင့်နဲ့ ကူညီ လုပ်ကိုင်ပေးတဲ့ အခြား တောင်သူသုံးဦးကို မအူပင် ခလရ ၂၇ စစ်တပ်က တရားစွဲဆိုထားတာပါ။ လွှတ်တော်ကနေ တပ်သိမ်းမြေတွေ ပြန်ပေးဖို့ ပြောပြီးတဲ့ နောက်မှာပဲ မြောင်းမြမှာ တရားစွဲဆိုခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်”ဟု ပြောသည်။

တရားစွဲဆိုခံထားရသည့် မြောင်းမြမြို့နယ်၊ ညောင်ချောင်းလေးကျေးရွာမှ လယ်သမား ဦးအောင်မြင့်က “ကျွန်တော် အသိမ်းခံရတဲ့ ဥယျာဉ်ခြံမြေက ၂၅ ဧကကျော်မှာ ၅ ဧကသာ ပြန်ရခဲ့ပါတယ်။ ကိုယ်ပိုင်တဲ့ မြေကို ပြန်စိုက်ပျိုးတာ ကျူးကျော်တယ်ဆိုပြီး တရားစွဲဆိုခဲ့တာပါ။ အထက်ကအမိန့်ကိုမနာခံဘဲ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကိုနိုင်ငံ့ခေါင်းဆောင်တွေကိုလဲ သိစေချင်ပါတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အသိမ်းခံထားရသည့် လယ်မြေဧက ၂၃,၀၀၀ကျော်ရှိပြီး တိုင်း တောင်သူလယ်သမား သမဂ္ဂတွင် လာရောက်တိုင်ကြားထားသည့် လယ်ယာမြေအမှုပေါင်း ၁၀၀ကျော် ရှိနေသည်။

လက်ရှိအချိန်ထိ မြောင်းမြမြို့နယ်တွင် တရားစွဲခံထားရသူ ဒေသခံတောင်သူ ၁၃ ဦးရှိနေပြီဖြစ်ရာ ဆက်တိုက်ဖြစ်ပွားနေသည့် တရားစွဲဆိုခံထားရသည့် ကိစ္စများအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးတို့နှင့် လာမည့် သြဂုတ် ၁၅ ရက်တွင် တွေ့ဆုံရန်အတွက် ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂက စီစဉ်ထားသည်ဟုလည်း ဦးသန့်ဇော်ဦးက ပြောသည်။

ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး ဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၉၇,၀၀၀ ရှိပြီး၊ ယင်းတို့အနက် ၁၆ ပုံတစ်ပုံဖြစ်သည့် မြေ ၁၈,၃၀၀ဧကကိုသာ ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

No comments: