ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၃
တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် သံတွဲမြို့တွင် နှစ်ရက်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဈေးနှင့်ကျောင်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက သြဂုတ်၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
“မိုးက လေးရက်ဆက်တိုက် ရွာတယ်။ ချောင်းရေက တအားကျတော့ မနေ့က နေ့လည်လောက်ကနေ ဒီနေ့အထိ ရေတရိပ်ရိပ် တက်လာတယ်။ ပြီးခဲ့တဲ့ညကဆို ရတနာလမ်းက အိမ်ခြံစည်းရိုးတွေ မြှုပ်သွား တယ်”ဟု သံတွဲမြို့မှ ဒေသခံ ကိုဝေယံက မဇ္ဈိမကို ပြောသည်။
င/ကျော်တောင်ရပ်ကွက်မှ အထက်တန်းကျောင်း၊ အံတော်ရပ်ကွက်မှ မူလတန်းကျောင်းနှင့် ညောင်ပင်ဈေးရပ်ကွက် မူလတန်းကျောင်းများကို သြဂုတ် ၂၀ ရက်တွင် ပိတ်ထားလိုက်ရပြီ ဟုလည်း ကိုဝေယံက ဆက်ရှင်းပြသည်။
ရေကြီးရေလျှံနေခြင်းကြောင့် သံတွဲမြို့၏ဈေးကို ပိတ်ထားလိုက်ပြီဖြစ်ပြီး မြို့တွင်း၌ပင် လှေများဖြင့် သွားလာနေ ရပြီဟု မြို့ပေါ်ရှိ အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ မနီနီမြင့်က ဆိုသည်။
သံတွဲမြို့ရှိ ဈေးအနီးဝန်းကျင်အပြင် အံတော်ရပ်ကွက်၊ င/ကျော်တောင်ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်၊ဗောဓိကုန်းရပ်ကွက်များတွင်လည်း ရေများနစ်မြှုပ်နေသည့်အပြင် တောင်ကျရေနှင့်အတူ ရွှံ့နွံများလည်း ပါလာကြောင်း အဆိုပါ ရပ်ကွက်များတွင် နေသည့် ဒေသခံများက ပြောသည်။
“လူတွေကို ကုန်းမြင့်တဲ့ သိမ်ကုန်းဘုန်းကြီးကျောင်းကို ပို့ထားတယ်။ အခု ထမင်းထုပ်တွေ ဝေပေးနေတယ်” ဟု ကိုဝေယံက ပြောသည်။
သံတွဲမြို့မှ ၂၅ မိုင်ခန့်အကွာတွင်ရှိပြီး မြို့၏ အထက်တွင်ရှိနေသည့် သူဌေးချောင်းမှ ရေများသည် သံတွဲချောင်းမှ မြို့တွင်းသို့ ၀င်ကာ ရေလျှံခြင်းဖြစ်ကာ ရေများနှင့်အတူ တောင်ပြိုကျလာသဖြင့် ရွှံ့နွံများလည်း ပါလာခြင်းဖြစ်သည်ဟု ဒေသခံတို့ကဆိုသည်။ ထို့ပြင် ရေများကျသွားလျှင်ပင် ရွှံ့နွံများကို ရက်သတ္တပတ် မျှပင် အချိန်ယူ ဆေးကြောရမည်ဖြစ်သဖြင့် ထိုကာလအတွင်းလုပ်ငန်းများ လည်ပတ်နိုင်ဦးမည် မဟုတ်ဟုလည်း ပြောကြသည်။
သံတွဲမြို့တွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်လေ့ရှိပြီး လွန်ခဲ့သော ကိုးနှစ် ၂၀၀၄ ခုနှစ်ကဆိုလျှင် လူ အသေ အပျောက် ရှိသည်အထိပင် ဆိုးရွားခဲ့ဖူးသည်ဟုလည်း ဒေသခံမြို့သားများက ပြောသည်။
No comments:
Post a Comment