Wednesday, August 7, 2013

မြိတ်အာဏာပိုင် ဖိအားပေးမှုကြောင့် ၈၈ အခမ်းအနားဆိုင်းဘုတ် ဖြုတ်ချ

ABC

သြဂုတ်လ ​ရှစ်ရက်နေ့မှာ ​ကျရောက်တဲ့ ​ရှစ်လေးလုံး ​ငွေရတုအခမ်းအနားကို ​တခြားမြို့ကြီးတွေမှာ ​ကျင်းပနေကြချိန်မှာပဲ ​မြိတ်မြို့နယ်မှာတော့ ​သြဂုတ်လ ​၈ ​ရက်နေ့မှာ ​ကျင်းပမှာဖြစ်ပေမယ့် ​အခမ်းအနားကြော်ငြာ ​ဆိုင်းဘုတ်နဲ့ ​ပတ်သက်ပြီး ​အာဏာပိုင်တွေရဲ့ ​ဖိအားပေးမှုတွေ ​ခံခဲ့တယ်လို့ ​သိရပါတယ်။

မြိတ်ခရိုင် ​အုပ်ချုပ်ရေးမှူး ​ဦးလွင်ကိုဦးက ​ရှစ်လေးလုံးအရေးတော်ပုံ ​အခမ်းအနားကြော်ငြာတဲ့အနေနဲ့ ​စိုက်ထူထားတဲ့ ​ဗွီနိုင်း ​ဆိုင်းဘုတ်ပါ ​စာ ​သား ​တွေ ​ဟာ ​ပြည်သူ ​တွေကို ​သွေးထိုး ​လှုံ့ဆောက်ရာ ​ရောက်တဲ့အတွက် ​အဲဒီဆိုင်းဘုတ် ​တွေကို ​ဖြုတ်ချပေးဖို့ ​မြိတ်ခရိုင် ​၈၈ ​မျိုးဆက်အဖွဲ့နဲ့ ​အန်အယ်လ်ဒီအဖွဲ့ ​တာဝန်ရှိသူတွေကို ​ဖိအားပေး ​ပြောကြား ​ခဲ့ပါတယ်။

ဆိုင်းဘုတ်ပါ ​စာသားတွေထဲမှာ ​မြန်မာနိုင်ငံ ​စစ်အာဏာရှင် ​ဖယ်ရှားရေး၊ ​ဒီမိုကရေစီအရေးတို့အတွက် ​တိုင်းရင်းသား၊ ​ရဟန်းရှင်၊ ​လူ၊ ​ကျောင်းသား၊ ​ပြည်သူတစ်ရပ်လုံး ​ပါဝင်ခဲ့သော ​ရှစ်လေးလုံး ​ဒီမိုကရေစီအရေးတော်ပုံ ​လှုပ်ရှားမှုကြီး ​၂၅ ​နှစ်မြောက် ​ငွေရတုအခမ်းအနားသို့ ​မြိတ်မြို့ပြည်သူ ​တစ်ရပ်လုံး ​တက်ရောက်ဖို့ ​ဖိတ်ကြားအပ်ပါသည် ​ဆိုတဲ့ ​စာသားတွေ ​ပါရှိပါတယ်။

ဆိုင်းဘုတ်မှာ ​ပါဝင်တဲ့ ​စစ်အာဏာရှင် ​ဖယ်ရှားရေး ​နဲ့ ​ဒီမိုကရေစီ ​အရေးတော်ပုံ ​လူထုလှုပ်ရှားမှု ​ဆိုတဲ့ ​အရေးအသားက ​ပြည်သူတွေကို ​လှုံ့ဆော်ရာ ​ရောက်တဲ့အတွက် ​ဖြုတ်သိမ်းပေးဖို့ ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

အခမ်းအနားစီစဉ်သူတွေကတော့ ​ဆိုင်းဘုတ်ပါစာသား ​ဖော်ပြရတာဟာ ​လူငယ်တွေ ​သိရှိနိုင်ဖို့ ​အတွက်သာ ​ဖြစ်ပြီး ​သွေးထိုး ​လှုံ့ဆော်တဲ့ ​အနေနဲ့ ​ရေးသားတာ ​မဟုတ်ဘူးလို့ ​ပြန်လည် ​ရှင်းပြပြီးနောက် ​ဆိုင်းဘုတ်တွေကို ​ဖြုတ်သိမ်းပေးလိုက်ပြီး ​ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ​ငွေရတုအခမ်းအနား ​ကျင်းပမယ့် ​ကလွင်ရွာ ​တောရအောက်ကျောင်းရှေ့မှာ ​တင်ထားတဲ့ ​ဆိုင်းဘုတ်အပြင် ​အန်အယ်လ်ဒီရုံးနဲ့ ​နေအိမ်တချို့က ​ဆိုင်းဘုတ်တွေကို ​ဖြုတ်သိမ်းခဲ့ကြပါတယ်။

ဆိုင်းဘုတ်ပါစာသားနဲ့ ​ပတ်သက်ပြီး ​ဖိအားပေးခံခဲ့ရတဲ့အပေါ် ​မကျေမနပ်ဖြစ်နေကြတယ်လို့ ​သိရပါတယ်။

မြိတ်မြို့မှာ ​ကျင်းပမယ့် ​ရှစ်လေးလုံး ​ငွေရတု ​အခမ်းအနားကို ​နိင်ငံရေးပါတီတွေ၊ ​ကျောင်းသား ​သမဂ္ဂ၊ ​မြိတ် ​ဆရာ/ဆရာမများ ​သမဂ္ဂ၊ ​မြိတ်မြို့နယ်လုံး ​ဆိုင်ရာ ​အလုပ်သမားများ ​သမဂ္ဂ၊ ​မြိတ်ခရိုင် ​တောင်သူ ​လယ်သမား ​အစည်းအရုံး၊ ​ကရင်အမျိုးသား ​အစည်းအရုံး ​KNU၊ ​ဘာသာရေး ​အဖွဲ့တွေ၊ ​လူမှု ​အထောက်အကူပြု ​အဖွဲ့တွေ၊ ​မြိတ်ခရိုင် ​ဆရာဝန်လူငယ်များ ​ကွန်ယက်၊ ​ABSDF ​ကျောင်းသား ​တပ်မတော်သားဟောင်းတွေပါ ​တက်ရောက်ဖို့ ​ရှိတဲ့အကြောင်း ​အလွတ်သတင်းထောက် ​ရွှေမြိတ်သားလေး ​ဇော်ဇော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: