Monday, August 12, 2013

တနင်္သာရီမြစ်ရေအကျတွင် ဈေးပြို

Dawei Watch | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃

တနင်္သာရီမြစ်ရေ ကျဆင်းမှုနှင့်အတူ သြဂုတ်လ ၄ ရက်တွင် ချောင်းငယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ အောင်မင်္ဂလာဈေးမှာ ယိမ်းယိုင်သွားခဲ့သည်ဟု ဈေးသူ/သားများထံမှ သိရသည်။

သြဂုတ်လ ၁ ရက်မှစပြီး မြစ်ရေတက်၍ ရေလွှမ်းခဲ့သည့် တနင်္သာရီမြို့တွင် သြဂုတ်လ ၄ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်တွင် မြစ်ရေကျဆင်းမှုနှင့်အတူ အောင်မင်္ဂလာဈေး ခြေတံရှည်များ ပြုတ်ထွက်ခဲ့ပြီး ဈေးမှာ ၄၅ ဒီဂရီခန့် ယိမ်းယိုင်ရာ ပြိုကျခဲ့သည်ဟု ဈေးသူတစ်ဦးက ပြောသည်။

ဈေးပြိုကျသည့်အချိန်သည် ဈေးသိမ်းပြီးချိန် ဖြစ်သည့်အတွက် တစ်စုံတစ်ဦး ထိခိုက်မှု မရှိခဲ့ဟု ၎င်းက ပြောပြသည်။အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း ၃၀ ကျော်ရှိပြီး ဈေးကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၆၀ ကျော် ခန့်ရှိပြီဟု အသက် ၆၀ အရွယ်ရှိ မြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့ ဈေးယိမ်းယိုင်ပြိုကျခဲ့သဖြင့် ကျန်ရှိသည့် ဈေးခန်းများအားလုံးကို ဖျက်သိမ်းခဲ့ကြပြီး အသစ်ပြန် ဆောက်ရန် စီစဉ်နေသည်ဟု တနင်္သာရီမြို့ ဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးက ပြောပြသည်။

“လက်ရှိတာ့ ချောင်းငယ်ရပ်ကွက်က လမ်းကြားထဲမှာ တဲထိုးပြီး ရောင်းဝယ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်တွင် တနင်္သာရီမြစ်ရေသည် အမြင့်ဆုံး ၂၅ ပေ ၅ လက်မအထိ တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှစ်ချုနှင့် ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ နှစ်ထောင်နီးပါး ရေဘေးသင့်ခဲ့ကြောင်း တနင်္သာရီမြို့၊ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

No comments: