Thursday, August 15, 2013

ထီဖောင်းကျေးရွာအုပ်စုရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ပေးသော်လည်း အကုန်မရသေး

ဂျွန်ချစ်ငြိမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၃

တောင်ကြီးမြို့၊ ထီဖောင်း ကျေးရွာအုပ်စုရှိ ထီဟန်ဆွေး ကျေးရွာသားများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်ပေး သော်လည်း သိမ်းခံလယ်မြေ အကုန်ပြန်လည်ရရှိခြင်း မရှိသေးဟု ဒေသခံကျေးရွာသူ/သားများ က သြဂုတ် ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းခံလယ်မြေများမှာ တောင်သူ ၄၉ ဦးပိုင် လယ်မြေ၊ တောင်ယာမြေများ ဖြစ်ပြီး စုစုပေါင်းဧက ၂၆၃ ရှိသော်လည်း ပြန်ပေးရာတွင် ဒေသခံသုံး၊ လေးဦးသာ ပြန်ရခြင်းဖြစ်သည်ဟု ထီဟန်ဆွေးကျေးရွာသားများ က ပြောခြင်းဖြစ်သည်။

သြဂုတ် ၁၀ ရက်က ပအိုဝ့်အမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ်ဋ္ဌာနေမှ ယင်းကျေးရွာအုပ်စုရှိ နားဘောင်ကျေးရွာမှ လယ်မြေများကိုပြန်ပေးခဲ့သော်လည်း ထီဟန်ဆွေးကျေးရွာမှ သိမ်းခံလယ်မြေများမှာပြန်မရရှိသေးခြင်းဖြစ်သည်။ နားဘောင်ရွာမှမြေများ ပြန်ပေးရာတွင်လည်း ယခင်မြေများကို ပြန်ပေးခြင်းမဟုတ်ဘဲ အကွက်ရိုက်၍ ပြန်ပေးခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

လယ်မြေများ ပြန်ပေးခြင်းနှင့် ပတ်သက်ပြီး ထီဟန်ဆွေးကျေးရွာသား ကိုခွန်ကိုးက “အခု သူတို့ပြန်ပြီးတော့ ပေးတယ် ဆိုတာတွေက နားဘောင်လမ်းအရှေ့ဘက်ပိုင်းကို မြေတွေ ပေ ၈၀ x ပေ ၆၀ အကွက် ရိုက်ပြီးတော့ ကျေးရွာသား ၂၈ ဦးကို ပြန်ပေးတာဖြစ်တယ်။ ပေးတဲ့နေရာမှာလည်း တံတားမီးလောင်ကျေးရွာပဲ ပါတာပါ။ မိမိမြေ မိမိပြန်ရတာ လည်း မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောကြားသည်။

ယင်းမြေများကို ၁၉၅၈ ခုနှစ်က စတင်ပြီး သိမ်းဆည်းခံခဲ့ရရာ ၁၉၆၃ မှ ၁၉၉၇ ခုနှစ်ထိ ပြန်လည် လုပ်ပိုင်ခွင့် ရခဲ့သည်။ သို့သော် TNA က ၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ထီဟန်ဆွေးကျေးရွာ သားများက ပြောသည်။

တံတားမီးလောင်ကျေးရွာသူ ဒေါ်မာဂရတ်က “အခုပြန်ပေးတာ လမ်းအရှေ့ဘက်ခြမ်းက ခြံတွေကို အကွက်ရိုက်ပြီး တော့ ပြန်ပေးတာပါ။ အနောက်ဘက်က တောင်သူတွေရဲ့ မြေတွေ မရသေးပါဘူး။ သြဂုတ် ၁၀ ရက်က PNO ကနေပြီးတော့ ပြန်လည်ပြီးတော့ အကွက် ၃၀ ကွက်ကို ပေးခြင်းသာ ဖြစ်ပါတယ်။ အနောက်ဘက်ခြမ်းမှာလည်း ကျွန်မတို့မြေတွေ ပါပါတယ်။ ဘိုးဘွားပိုင်လယ်မြေ ခြောက်ဧကလောက် ပြန်ရဖို့ ကျန်ပါသေးတယ်”ဟု ပြောသည်။

ထီဟန်ဆွေးရွာသားတစ်ဦးဖြစ်သူ ကိုခွန်ကိုးကလည်း “ကျွန်တော်တို့ တောင်သူ ၄၉ ဦးရဲ့ လယ်မြေဧက ၂၆၃ ဧကကို TNO ကပြန်ပေးမယ်လို့ ပြောဆိုခြင်းမရှိသေးပါဘူး။ မရသေးတဲ့ ဧက၂၆၃ ဟာ နားဘောင် ဈေးအနောက်ဖက်ခြမ်းမှာ ပါပါတယ်။ အကွက်ရိုက်ပြီးတော့ ပြန်ပေးနေတာကို မူလပိုင်ရှင်တွေအနေနဲ့ လက်ခံနိုင်ခြင်းမရှိပါဘူး”ဟုလည်း မဇ္ဈိမကို ပြောသည်။

ထီဟန်ဆွေးကျေးရွာမှ အသိမ်းခံ လယ်မြေများမှာ ဘိုးဘွားပိုင်လယ်မြေများဖြစ်ပြီး ယင်းမြေများ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လယ်မြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

ထီဟန်ဆွေးရွာနေ ဦးလုက သည်မြေတွေကို မူလပိုင်ရှင်တွေကနေပြီးတော့ အားလုံးပြန်ရချင်ပါတယ်။ တည်ဆဲနိုင်ငံတော် ဥပဒေအတိုင်း လိုက်နာကျင့်သုံးပြီးတော့ မြေယာဥပဒေအတိုင်း မြေတွေ ပြန်ရရှိအောင် သက်ဆိုင်ရာကို တင်ပြသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ယင်း ထီဟန်ဆွေးကျေးရွာသားများနှင့် PNO ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်တို့ သိမ်းခံလယ်မြေများကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် သုံးကြိမ် တွေ့ဆုံခဲ့သော်လည်း မြေယာနှင့် ပတ် သက်ပြီး သဘောတူညီမှု မရရှိခဲ့ကြောင်း ယင်းရွာသားများက ပြောသည်။

အဆိုပါ မြေသိမ်းထားခြင်းများနှင့် ပတ်သက်ပြီး NLD တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက “အခုလို မြေတွေကို အကွက်ရိုက်ပြီးတော့ PNO ကနေ ပေးနေတာတွေက သူတို့ပိုင်မြေတွေ မဟုတ်ပါဘူး။ အ ထောက်အထားလည်း မရှိပါဘူး။ မူလမြေပိုင်ရှင်တွေကနေ သိမ်းဆည်းထားလို့ ပြည်သူ့လွတ်တော်လယ် ယာမြေစုံစမ်းရေး ကော်မရှင်ကို တင်ပြပြီးတော့ တောင်းခံထားတဲ့မြေတွေ ဖြစ်တယ်။ မြေယာစုံစမ်းစစ် ဆေးရေး ကော်မရှင်ကနေ စစ်ဆေးမှု မလုပ်ရသေးခင် မူလပိုင်ရှင် မဟုတ်သူတွေက အကွက်ရိုက်ပြီး တော့ ခွဲဝေပေးနေတာတွေက နောက်ပိုင်းမှာပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

No comments: