ဇော်ဇော်ထွေး
ဂရန်အတုဖြင့် ငွေကျပ်သိန်း ၄၅၀၀ လိမ်လည်ခဲ့သည်ဟုဆိုကာ သြဂုတ် ၄ ရက်က သုဝဏ္ဏရဲစခန်းတွင် အမှုတစ်ခု လာရောက်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
ယင်းအမှုသည် လွန်ခဲ့သော နှစ်နှစ်ကျော်ကာလ ၂၀၁၁ ခုနှစ် မတ်လက အိမ်ဝယ်ရောင်းလုပ်ခဲ့သည်နှင့် ပတ်သက်၍ဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုစဉ်က ဒေါ်စန်းစန်းမြင့်ဆိုသူသည် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ စိန်ပန်းပြာလမ်းရှိ အိမ်တစ်လုံးကို ကျပ် သိန်းပေါင်း ၄၅၀၀ ဖြင့်ဝယ်ယူခဲ့ပြီး အိမ်ရှင်ဒေါ်စန်းစန်းနွယ်၊ ကိုဥက္ကာဇော်နိုင်နှင့် ကိုသူရိန်ဇော်ထံမှ နှစ် ၆၀ အိမ်ဂရန်ကို လက်ခံရယူခဲ့သည်ဟု အမှုဖွင့်ရာတွင် စွပ်စွဲတိုင်ကြားထားသည်။
ထို့နောက် ဒေါ်စန်းစန်းမြင့်သည် ၎င်းဝယ်ယူခဲ့သည့် မြေဂရမ်ကို မြို့တော်စည်ပင် မြေယာဌာနတွင် သွားရောက် စစ်ဆေးခဲ့ရာ အစစ်မဟုတ်ကြောင်း သိရှိခဲ့ရသည်ဟုလည်း တရားလိုက ရဲကိုထွက်ဆိုထားသည်။
ထို့ကြောင့် သူက အိမ်ဝယ်ရာတွင် ပေးချေခဲ့သော ငွေကျပ်သိန်း ၄၅၀၀ ကို ပြန်လည် တောင်းခံရာ ငွေလက်ခံသူတို့က အကြောင်းအမျိုးမျိုးပြပြီး ရွှေ့ဆိုင်းနေသလို ယခုနှစ် မေလနှောင်းပိုင်းတွင်လည်း ရှေ့နေမှတစ်ဆင့် တောင်းခံခဲ့သော်လည်း ယခုအထိငွေများကို ပြန်မပေးသေးကြောင်း တရားလိုက ရဲကိုထွက်ဆိုရာတွင် စွပ်စွဲပြောဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အိမ်ကိုဝယ်ယူမိခဲ့သူ ဒေါ်စန်းစန်းမြင့်က ဒေါ်စန်းစန်းနွယ် အပါအ၀င် လူသုံးဦးကို သုဝဏ္ဏရဲစခန်းတွင် စွပ်စွဲတိုင်တန်းသဖြင့် ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၄၂/၂၀၁၃ဖြင့်အမှုဖွင့်ထားပြီး ၎င်းစွပ်စွဲခံရသူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀/၄၆၈ လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုတို့ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက ထုတ်ပြန်သည်။
No comments:
Post a Comment