Saturday, August 17, 2013

စည်ပင်ပိုင် သိန်းတစ်ထောင်တန်ရေသန့်စက် ကားတိုက်ခံရ၍ပျက်စီး

ဇော်ဇော်ထွေး

ရန်ကုန်မြို့တော် စည်ပင်ပိုင်ကျပ်သိန်း တစ်ထောင်တန်ရေသန့်စက်ကို သြဂုတ် ၁၃ ရက်ညက ကားတိုက် ခံရသဖြင့် ပျက်စီးသွားခဲ့ရကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းရေသန့်စက်သည် မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ကန်တော်ကြီးဝင်းအတွင်း တည်ရှိခြင်းဖြစ်ပြီး ည ၉ နာရီခန့် တွင် အမည်မသိ ယာဉ်မောင်းတစ်ဦး မောင်းလာသည့် ဟာရီယာနံ့သာရောင် ကားတစ်စီးက နောက်ဆုတ်စဉ် အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ ရေသန့်စက်သည် ဂျပန်နိုင်ငံမှ လှူဒါန်းထားသောစက်ဖြစ်ပြီး စည်ပင်သာယာဌာန၏ အပိုင်ဖြစ်ကာ ထိုစက်သည် ကားတိုက်ခံရမှုကြောင့် ပျက်စီးသွားခဲ့ရသည်ဟု ဆိုသည်။

ရေသန့်စက်ကို တိုက်သည့်ကား၏ ယာဉ်မောင်းသည် တိုက်ပြီးသည်နှင့် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ၎င်းကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်ထားပြီး လိုက်လံစုံစမ်းနေသည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ထို့ပြင် ထွက်ပြေးနေသည့် အဆိုပါယာဉ်မောင်းကို ရေသန့်စက်ပျက်စီးစေမှုနှင့်လည်း အရေးယူပေးရန် စည်ပင် သာယာရေသန့်ဌာနက ထပ်မံတိုင်တန်းခဲ့သဖြင့် အထက်ပါ ရဲစခန်းကပင် အမှုထပ်မံဖွင့်ထားသည်။

ယာဉ်မောင်းသည် ကားကိုမဆင်မခြင် မောင်းနှင်မှုကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၇၉/၂၀၂ဖြင့် တရားစွဲခံရမည့် အပြင် ရေသန့်စက် ပျက်စီးခဲ့သည့်အတွက်လည်း ပြည်သူပိုင်ပစ္စည်းပုဒ်မ ၆(၁)ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

No comments: