သီဟကိုကို | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို ကိုရီးယားကုမ္ပဏီသို့ တည်ဆောက်ခွင့်ပေးကြောင်း သြဂုတ်လ လယ်က ကြေညာလိုက်သည့်နောက်တွင် စီမံကိန်းအနီးရှိ ပဲခူးမြေဈေးများမှာ အဆမတန်မြင့်တက်လာသော်လည်း အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းများမှ သိရှိရသည်။
ရန်ကုန်မြို့တွင် ယင်းသို့ဈေးများနေပါက အရောင်းအ၀ယ်မဖြစ်သော်လည်း ပဲခူးတွင်မူ အမှန်တကယ် အရောင်းအ၀ယ် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ယခုလအတွင်းတွင် ဟံသာဝတီလေဆိပ် စီမံကိန်းအနီးဝန်းကျင်ရှိ မြေဈေးနှုန်းများမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀၀ကျော် ၀န်းကျင်ခန့်ပေါက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အဆိုပါနေရာများမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့်သာ ရှိသောမြေများဖြစ်ကြောင်း၊ စီမံကိန်းဧရိယာ၏ တစ်မိုင်ပတ်လည်တွင် တစ်ဧက ကျပ်သိန်း ၃၀၀ ကျော်ဈေးပေါက်လျက် ရှိကြောင်း ယင်းတို့က ဆိုသည်။
ပဲခူးမြို့အတွင်းရှိ အိမ်ခြံမြေဈေးများမှာမူ ငြိမ်လျက်ရှိပြီး မြို့သစ်ပိုင်းတွင် ပေ ၄၀x၆၀ အကွက်များမှာ ကျပ် သိန်း ၂၀၀၀ နှင့် သိန်း ၃၀၀၀ ၀န်းကျင်ခန့် ဈေးပေါက်လျက်ရှိကြောင်း သိရှိရသည်။
Estate Myanmar အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ၏ ပဲခူးဒေသအကျိုးဆောင် ဦးပြည်ဟိန်းက “ဈေးတွေ ကမြင့်တက်နေပေမယ့် အရောင်းအ၀ယ်တွေကဖြစ်တယ်။ တချို့မြေတွေဆို ကြိုက်ရောင်းကြိုက်ဝယ်နဲ့ ဈေးတွေကတော်တော်မြင့်တယ်။ ပုံမှန်အရောင်းအ၀ယ်ထက်ကို အရောင်းအ၀ယ်ဖြစ်နေကြတယ်”ဟု မဇ္ဈိမသို့ ပြောကြားသည်။
အဆိုပါမြေများကို လိုက်လံဝယ်ယူလျက်ရှိသူများသည် ရန်ကုန်ဝယ်လက်များသာဖြစ်ပြီး နယ်ခံဝယ်လက်များမှာ မရှိသလာက် နည်းပါးလျက်ရှိကြောင်း ပဲခူးအိမ်ခြံမြေလုပ်ငန်းများက ဆိုသည်။
လေဆိပ်စီမံကိန်းဧရိယာအနီး တစ်မိုင်ပတ်လည်တွင် ယခုရက်ပိုင်းအတွင်းတွင် ဧက ၉၀ ခန့် အမြင့် ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ထားကြောင်း အကျိုးဆောင်တစ်ဦးက ဆိုသည်။ ၎င်းနည်းတူ အခြားအကျိုးဆောင်များလည်း အရောင်းအ၀ယ်ဖြစ်ကြကြောင်းလည်း ပြောသည်။
စိုင်းခွန်နောင် အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က “အခုနောက်ပိုင်း ပဲခူးမြေဈေးကို စိတ်ဝင်တစားမေးကြတာ တော်တော်များလာတယ်။ အရင်က နေရာကောင်း၊ မကောင်းအပေါ် မူတည်ပြီး ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းတွေက အခုဆို ကျပ်သိန်းထောင်ချီဖြစ်ကုန်တယ်” ဟု ပြောသည်။
စီမံကိန်း မစတင်မီကာလအထိ အဆိုပါမြေဈေးနှုန်းများမှာ မြင့်တက်နေနိုင်ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းများက ဆိုသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်း က လုပ်ကိုင်ခွင့်ရရှိထားသည်။
No comments:
Post a Comment