အောင်ကိုဦး
လက်ပံတောင်းတောင် နယ်မြေအတွင်းရှိ ရွာ ၂၆ ရွာမှ ရွာသူရွာသားများသည် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို အကောင်အထည်ဖော်နေသော ကော်မတီ အမှန်တကယ် အလုပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူသင့်ကြောင်း သြဂုတ် ၃ ရက်က ကြေညာချက် ထုတ်ပြန်တောင်း ဆိုလိုက်သည်။
လက်ပံတောင်းအရေး စုံစမ်းသည့်ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ခြင်းဖြစ်သဖြင့် သူ့ ကော်မရှင်က ထုတ်ပြန်သည့် အစီရင်ခံစာကို အကောင်အထည်ဖော်နေသော ကော်မတီ တကယ်အလုပ် လုပ်ရန်ကိုလည်း သူမက တာဝန်ယူသင့်ကြောင်း ဒေသခံများက ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထိုသို့တောင်းဆိုသည့် ကြေညာချက်သည် သြဂုတ် ၃ ရက်က ၀က်မှေးရွာတွင် ပြုလုပ်သော ရွာ ၂၆ ရွာမှ ရွာသားများနှင့် သံဃာတော်များ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီဝင်များ တက်ရောက်သည့် ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည့် အထက်ပါ တောင်းဆိုချက်အပါအ၀င် စုစုပေါင်း တောင်းဆိုချက် ကိုးချက် ပါဝင်သည်ကိုလည်း တွေ့ရသည်။
ယင်းတောင်းဆိုချက်များတွင် ကံကုန်းကျေးရွာ ကျေးလက်ဆေးပေးခန်းကို ဆောင်ရွက်ရာ၌ ပန္နက်သာ ရိုက်ပြီး ယခုအချိန်အထိ အဆောက်အအုံ မဆောက်လုပ်ရသေးကြောင်း တွေ့ရသဖြင့် ချွေးသိပ်သည့် သဘောဖြင့် လုပ်ပြခြင်းမျိုးမဖြစ်အောင် စိတ်ကောင်း စေတနာကောင်းထား၍ ဆောင်ရွက်ရန်၊ ကြေးနီ စီမံကိန်းမှ စွန့်ပစ်မြေများကြောင့်ဒေသနှင့် ဒေသခံများ မထိခိုက်အောင် အမြန်ဆုံး ဆောင်ရွက်ပေးရန်တို့ ပါ ၀င်သည်။
ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာတွင် မြေလျော်ကြေးပေးရာတွင် “သင့်လျော်သည့် ကာလပေါက်ဈေး”ဟု ညွှန်ကြားထားသော်လည်း ယခုလုပ်ဆောင်နေသည်မှာ ၎င်းတို့ဘာသာ သတ်မှတ်ထားသည့် နှုန်းထားသာ ဖြစ်နေ၍ဒေသခံများနှင့် ညှိနှိုင်းပြီးမှ ဆက်လက် လုပ်ကိုင်ရန်ကိုလည်း ဒေသခံတို့က ထည့်သွင်း တောင်းဆိုထားသေးသည်။
လက်ပံတောင်းဒေသရှိ ၀က်မှေးရွာမှ မသက်သက်ဝင်းက “သူတို့ပေးတဲ့ လယ်ယာမြေ လျော်ကြေး ၁၀ သိန်းဟာ ဘ၀တစ်ခု ရပ်တည်လို့ မရပါဘူး။ ခု မြေယာလျော်ကြေးယူသွားတဲ့ လူတွေက နဂိုကတည်းက သူတို့မြေမှာ ဘာမှ စိုက်စားလို့မရတဲ့သူတွေက ယူသွားကြတာပါ။ ကျန်နေတဲ့လူတွေက တစ်နှစ်ကို သုံး လေးသီး စိုက်လို့ရတဲ့ လယ်ယာမြေတွေဆိုတော့ ဆယ်သိန်းနဲ့ မရပါဘူး၊ ဘ၀တစ်ခု ရပ်တည်လို့ရမယ့် လျော်ကြေးမျိုး ဖြစ်သင့်ပါတယ်”ဟု ရှင်းပြသည်။
ဒေါ်စုဦးဆောင်သည့် လက်ပံတောင်းအရေး စုံစမ်းမှုကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်ရန် တာဝန်ယူထားသည့် ကော်မတီကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူရန် အစိုးရက တာဝန်ပေးထားသည်။
အဆိုပါ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀အပေါ် သက်ရောက်မှုများကို ကောက်ယူမည့် စစ်တမ်းသည် လာမည့် စက်တင်ဘာလအတွင်း ထွက်ရှိမည်ဟု ဇူလိုင် ၂၅ ရက် လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။
ထို့ပြင် ကြေးနီစီမံကိန်းအတွက် သိမ်းထားသည့်မြေများအတွက် ကျပ်သိန်းပေါင်းသုံးသောင်းကျော် လျော်ကြေးပေးပြီးဖြစ်သော်လည်း ညှိနှိုင်းမရသေးသဖြင့် လျော်ကြေးမပေးရသေးသည့် မြေမှာ ၆၀ ရာခိုင်နှုန်းခန့်ပင် ကျန်နေသေးကြောင်း ထိုနေ့က လွှတ်တော်တွင် ၀န်ကြီးဦးလှသိန်း၏ ပြောကြားချက်များ၌ လေ့လာတွေ့ရှိရသည်။
No comments:
Post a Comment