ABC
အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တပ်ဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်အဖွဲ့အကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး ၁၂ ရက်အကြာမှာ ပထမဆုံး အကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကွမ်စလန်းကျေးရွာနားမှာ TNLA တပ်စစ်ကြောင်းနဲ့ ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချူပ် လက်အောက်ခံ တပ်တွေကြား တနင်္ဂနွေနေ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။
မူဆယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံစုံလင်မှုရှင်းလင်းပွဲရယ် ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရှင်းလင်းပွဲကို ကျနော်တို့ အဲ့မှာ မနေ့က လုပ်တော့ ရှင်းလင်းပွဲလုပ်ပြီးတာနဲ့ သူတို့ကလည်း လိုက်လာတယ် ရွာရဲ့ အပေါ်ဖက် လမ်းခွဲရောက်တဲ့အချိန်မှာ အဲ့မှာ သူတို့နဲ့ ကျနော်တို့ တိုက်ပွဲ ဖြစ်ကြတာပါ၊ တိုက်ပွဲက သူတို့လက်နက်ကြီးတွေနဲ့ ပစ်လိုက် ကျနော်တို့ဖက်က ပန်ပစ်လိုက်နဲ့ နာရီဝက်လောက်ကြာ သူတို့ဖက်က ၂ ယောက် အဲ့မှာ ဒဏ်ရာရသွားတယ်၊ သေမလား ရှင်မလား ဘယ်လောက်ထိဒဏ် ရာရလည်းမသိဘူး အဲ့ နောက်ပိုင်းတော့ တိုက်ပွဲက ပြန်ငြိမ်သွားတယ် တိုက်ပွဲပြီးသွားတာပေါ့။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကွမ်စလန်းကျေးရွာမှာ မြန်မာစစ်တပ်အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းထားတယ်လို့လည်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်ပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုအတွင် ပလောင်အဖွဲ့နဲ့ မြန်မာအစိုးရအဖွဲ့တွေက နှစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်ဖို့နဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပပြုလုပ်သွားဖို့ အပါအ၀င် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးဖို့ သဘောတူခဲ့ကြပြီးနောက် ၁၂ ရက်အကြာမှာ တိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် ဆွေးနွေးမှုကို ထိခိုက်နိုင်တယ်လို့ PSLF ဥက္ကဌ မိုင်းအိုက်ဖုန်း က အခုလို ပြောပါတယ်။
ကျနော်တို့ တွေ့ဆုံဆွေးနွေးဒါနဲ့ပတ်သက်လို့ ကြန့်ကြာသွားနိုင်တယ် တွေ့ဆုံဆွေးနွေးရေးကိုလည်း ထိခိုက်နိုင်တယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်၊ ကျနော်တို့ တွေ့တဲ့အချိန်ကလည်း ဒီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အတွက်က သူတို့ဖက်က ဒီစစ်ချိန်ကို လျှော့ချဖို့ တိုက်ပွဲတွေလျှော့ချဖို့ ကျနော်တို့ တောင်းဆို တယ်၊ ပြီးတော့လည်း သူတို့ဒီ ၂၀၁၁ ကနေ ၂၀၁၃ ကြားကာလထဲမှာ တိုးချဲ့တဲ့ တပ်တွေက လည်း သူတို့ရဲ့ မိခင်တပ်တွေနယ်မှာ ပြန်ဆုတ်သွားဖို့ ကျနော်တို့ အဲ့လိုမျိုး တောင်းဆိုထားတာ ရှိတယ်၊ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ တကယ်လို့ ထင်သာမြင်သာ အပြုသဘောဆောင်ပြီးတော့ ပြောင်းလဲမှု ရှိလာမယ်ဆိုရင် ကျနော်တို့ ဒီတွေ့ဆုံဆွေးနွေးရေးကတော့ လက်မှတ်ထိုးဖို့ အဆင့် အများကြီး အလားအလာကောင်းတာပေါ့ အများကြီးလည်း နီးစပ်လာတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် အခု ဒီလို တိုက်ပွဲသာ ဆက်ဖြစ်မယ် ဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေး တစ်စုံတစ်ရာတော့ ထိခိုက်နိုင်တယ်လို့ ပြောလို့ ရတာပေါ့လေ။

No comments:
Post a Comment