Thursday, August 1, 2013

အမျိုးသားလွှတ်တော် ဥက္ကဌ နေရာ ဦးရွှေမန်းလွဲပြောင်းရယူ

ABC

မြန်မာနိုင်ငံက ​ပြည်ထောင်စုလွှတ်တော် ​နာယကတာဝန်ကို ​တာဝန်ယူဆောင်ရွက်နေတဲ့ ​အမျိုးသား ​လွှတ်တော် ​ဥက္ကဌ ​ဦးခင်အောင်မြင့်ဆီကနေ ​ပြည်သူ့လွှတ်တော် ​ဥက္ကဌ ​သူရဦးရွှေမန်းက ​လွဲပြောင်း ​ရယူခဲ့တယ်လို့ ​သိရပါတယ်။

ဇူလိုင်လ ​၃၁ရက်နေ့မှာကျင်းပတဲ့ ​ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ​အခုလို ​တာဝန်အလွဲ ​အပြောင်းတွေပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ​ တာဝန်လွဲယူမှု ​အခမ်းအနားကို ​သမ္မတဦးသိန်းစိန်၊ ​ဒု-သမ္မတ၊ ​ကာကွယ်ရေးဦးစီးချုပ်နဲ့ ​အစိုးရအဖွဲ့ဝင် ​၀န်ကြီးတွေ ​တက်ရောက်ခဲ့ကြတယ်လို့ ​သိရပါတယ်။ ​အခုလို ​လွဲပြောင်းတာဝန်ယူတာဟာ ​ပြဌာန်းထားတဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေအရ ​တာဝန်ယူ ​ဆောင်ရွက် ​တာဖြစ်တယ်လို့ ​ပြည်သူ့လွှတ်တော်အမတ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။

“ပြဌာန်းထားတဲ့ဥပဒေအရ ​လွှတ်တော်သက်တမ်း ​၅နှစ်မှာ ​အမျိုးသားလွှတ်တော်ဥက္ကဌ ​ဦးခင်အောင်မြင့် ​လွှတ်တော်သက်တမ်း ​တ၀က်ပေါ့နော် ​လပေါင်း ​၃၀ထမ်းဆောင်ပြီးသွားတယ်၊ ​ကျန်တဲ့လပေါင်း ​၃၀ကိုတော့ ​ပြည်သူ့လွှတ်တော်ဥက္ကဌ ​ဦးရွှေမန်းက ​ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ​တာဝန်လွဲပြောင်းရယူ ​တာဖြစ်ပါတယ်။”

ပြည်ထောင်စုလွှတ်တော်ကလပေါင်း ​၃၀အတွင်း ​ လယ်ယာမြေနဲ့အခြားမြေများ ​သိမ်းဆည်းခံရမှု ​စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းဆောင် ​ရွက်နိုင်ခဲ့တာ၊ ​၂၀၀၈ ​ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ​လေ့လာ ​ဆန်းစစ်ရေးကော်မတီဖွဲ့စည်းဖို့ ​ဆောင်ရွက်နိုင်တာနဲ့ ​ရွေးကောက်ပွဲကော်မရှင်က ​တင်သွင်းခဲ့တဲ့ ​အချိုးကျကိုယ်စာပြုစနစ်ကို ​ပယ်ချခဲ့တာတွေ ​လုပ်ဆောင်နိုင်ခဲ့တယ်လို့ ​ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ​နောက်ထပ်လပေါင်း ​၃၀ ​တာဝန်ထမ်းဆောင်ဖို့ ​လွဲပြောင်း ​ရယူခဲ့တဲ့ ​သူရဦးရွှေမန်းက ​အကောင်းဆုံးဖြစ်အောင် ​ဆောင်ရွက်သွားမယ်လို့ ​ဂတိက၀တ်ပြုခဲ့တဲ့ ​အကြောင်း ​ဦးဖြိုးမင်းသိန်းက ​ဆက်ပြောပါတယ်။

လွှတ်တော်အမတ်အများစုကတော့ ​သူရဦးရွှေမန်းအနေနဲ့ ​ပြည်ထောင်စုလွှတ်တော်နာယက ​သက် ​တမ်းလပေါင်း ​၃၀အတွင်း ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ​၂၀၁၅ခု ​မတိုင်ခင် ​မှာ ​အပြောင်းအလဲတွေလုပ်ဆောင်နိုင်မယ်လို့ ​မျှော်လင့်နေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: