အေးမြင့်စန်း | အင်္ဂါနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၃
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား သဘောထားကွဲလွဲမှုများနှင့် အခြားဆွေးနွေးရန်ရှိသည်များကို စေ့စပ်ညှိနှိုင်း ဆွေးနွေးသောနည်းဖြင့် ဆောင်ရွက်သွားရန် သဘောတူသည်ဟု သြဂုတ် ၁၂ ရက်က ၀န်ကြီးဌာနနှင့် ကောင်စီတို့ တွေ့ဆုံမှုအခြေအနေ သတင်းထုတ် ပြန်ချက်တွင် ထုတ်ပြန်လိုက်သည်။
သြဂုတ် ၁၂ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့တွေ့ဆုံပြီးနောက် ယင်းသို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က “အောင်မြင် တဲ့ ညှိနှိုင်းပေးနိုင်တဲ့ စာနယ်ဇင်းကောင်စီ ဖြစ်ဖို့ဆိုရင် စာနယ်ဇင်းကောင်စီမှာ သြဇာအာ ဏာရှိဖို့ လိုအပ်ပါတယ်။ ကျင့်ဝတ်အရ ညှိနှိုင်းပေးတာ၊ အကြံဉာဏ်ပေးတာကို စာနယ်ဇင်းကောင်စီမှာ လုံလောက်တဲ့ သြဇာအာဏာမရှိ၊ငွေကြေး ကျောထောက်နောက်ခံမရှိရင် ထိန်းကျောင်းပေးသူကို လက်မခံတာမျိုး တချို့နိုင်ငံတွေမှာ ရှိနေပါတယ်” ဟု ၄င်းက ပြောသည်။
သတင်းမီဒီယာသမားများ ရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေမူကြမ်းတွင် ပါဝင်သည့် အချက်များထဲမှ အချက် ၁၇ ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်ပေးရန် ပြောထားပြီး ယင်းအချက်များကို ပြင်ဆင်ပေးနိုင်ခြင်းမရှိဟုလည်း စာနယ်ဇင်းကောင်စီ (ယာယီ) က ပြောကြားထားပြီး ဖြစ်သည်။ ယင်းအချက်များကို ဆက်လက်ဆွေးနွေးသွားမည်ဟုပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။
“သဘောမတူမှုတွေကို ပြဿနာလို့ မမြင်စေချင်ပါဘူး၊ သတင်းမီဒီယာ ဥပဒေမူကြမ်းအဆင့်မှာ ၁၇ ချက်နဲ့ ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးသွားမှာပါ၊ လွှတ်တော်ကို ရောက်သွားတဲ့ ဥပဒေကို ကျွန်တော်တို့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး” ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာနယ်ဇင်းကောင်စီ(ယာယီ)က ထပ်မံဖိတ်ခေါ်မည်ဆိုပါက သတင်းမီဒီယာ ဥပဒေ မူကြမ်းနှင့် ပတ်သက်သည့် သဘောထား ကွဲလွဲချက်များကို တွေ့ဆုံဆွေးနွေးသွားရန်ရှိ သည်ဟုလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
“သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အရင်က သမ္မတနဲ့ အစိုးရအဖွဲ့ တွေ့ဆုံပွဲတွေမှာ ဆွေးနွေးတင်ပြခဲ့တာ ရှိခဲ့ ပါတယ်၊ ခုလက်ရှိတော့ သတင်းမီဒီယာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး သမ္မတကြီးနဲ့ သီးသန့်ဆွေးနွေးထားတာမျိုး မရှိပါဘူး” ဟု ပြောသည်။
မီဒီယာဥပဒေများနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့နှင့် သဘောထား ကွဲလွဲမှုများတောက်လျှောက် ရှိခဲ့ရာ ယခုတွေ့ဆုံမှုအပြီးတွင်လည်း စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ ဒီနေ့တွေ့ဆုံဆွေးနွေးမှုကို ကျေနပ် တယ် မကျေနပ်တယ်ဆိုတာ ခုချိန်မှာ ပြောလို့မရသေးပါဘူး၊ နောက်ဆုံး ညှိနှိုင်းဆွေးနွေးမှုပြီးမှ ပြောလို့ ရမှာပါ”ဟု ပြောသည်။
ယင်းဆွေးနွေးပွဲ၌ သတင်းမီဒီယာ ဥပဒေကြမ်းတွင် ပြင်ဆင်လိုသည့် အချက် ၁၇ ချက်နှင့်ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၏ သဘောထားကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးကျော်မင်းဆွေက “ဒီနေ့ တွေ့ဆုံဆွေးနွေးမှုမှာပြန်ကြားရေးဝန်ကြီးဌာနဘက်က သဘောထား တိတိကျကျပြောခဲ့တာ မရှိခဲ့ဘူး၊ ဒီအတွက် အရင် ပြည်သူ့လွှတ်တော် ထဲမှာ ဦးရဲထွဋ်ပြောခဲ့သလို ကန့်ကွက်မှုသာ ရှိနေဆဲလို့ ယူဆရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ် ၁၂ ရက် တွေ့ဆုံဆွေးနွေးမှုတွင်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က “မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် မီဒီယာထိန်းချုပ်မှု နည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု စာနယ်ဇင်းကောင် စီ(ယာယီ)မှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။
“အရင်က ပြန်ကြားရေးနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ အနေအထားကနေ အခုတွေ့ဆုံဆွေးနွေးဖို့အတွက် ညှိနှိုင်းဖြစ်တယ်။ စာနယ်ဇင်းကောင်စီကလည်း မဆွေးနွေးနိုင်စရာ မရှိပါဘူး။ မူအရ သဘောတူလက်ခံပါ တယ်” ဟု ပြောသည်။
ဝန်ကြီးဌာနကရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် စာနယ်ဇင်းသမားများရေးဆွဲသော မီဒီယာဥပဒေ နှစ်ခုကြားတွင် ၀န်ကြီးဌာနနှင့် စာနယ်ဇင်းသမားများ သဘောထားကွဲလွဲမှုများ ရှိနေသည်။
No comments:
Post a Comment