ကေဇင်ဦး | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃
သမ၀ါယမ၀န်ကြီးဌာန ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ထုတ်ချေးမည့် နိုင်ငံတော် သမ္မတ၏သ၀ဏ်လွှာကို သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မတ်တပ်ရပ် မဲခွဲစနစ်ဖြင့် အတည်ပြု လိုက်သည်။
ယင်းသို့ထုတ်ချေးမည့်ကိစ္စကို သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဖတ်ကြား တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ချေးငွေနှင့် ပတ်သက်ပြီး လိုအပ်ချက်များ ထောက်ပြ ဆွေးနွေးခဲ့သေးသည်။
သို့သော် သ၀ဏ်လွှာကို အတည်ပြုသင့် မသင့်မဲခွဲရာတွင် ကန့်ကွက်မဲ ၁၅ မဲဝန်းကျင်သာရှိ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
“မတ်တပ်ရပ်မဲခွဲတဲ့စနစ်နဲ့ အတည်ပြုလိုက်ပါတယ်။ ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေအနေနဲ့ ချေးငွေရ ယူတာကို ကန့်ကွက်တာမဟုတ်ပါဘူး။ ချေးငွေနဲ့ပတ်သက်တဲ့ အချက်တချို့ကို ပြန်လည်ဆွေးနွေးခဲ့ တာပါ” ဟု ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်းက “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်တဲ့နေရာမှာ အမှားခံလို့မရပါဘူး။ ဒီဆောင်ရွက်ချက်မှာ မှားနိုင်စရာတွေ ရှိပါတယ်။ သမ၀ါယမ ၀န်ကြီးရဲ့ လုပ်ဆောင်ချက်တချို့ဟာ ပြည်သူလူထုရဲ့ လက်တွေ့ဘ၀နဲ့ကင်းကွာ နေပါတယ်။ ဒါကြောင့် သမ၀ါယမ ၀န်ကြီးဌာနအောက်မှာ စီမံကိန်းတစ်ရပ်ရဖို့သက်သက်နဲ့ အစိုးရ အဖွဲ့ အနေနဲ့ စွန့်စားမှုမလုပ်သင့်ပါဘူး။ ဘတ်ဂျက် လိုငွေပြနေတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ နောက်ထပ်ကြီး လေးတဲ့အခြေအနေမျိုး မဖြစ်ဖို့လိုပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆွေးနွေးခဲ့သည်။
ရေဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးကလည်း ချေးငွေများပြန်ဆပ်ရာတွင် ဖြစ်ပေါ်နေမည့် ဒေါ်လာပေါက်ဈေးနှင့် ပတ်သက်ပြီး အစိုးရမှ တာဝန်ယူနိုင်ခြင်း ရှိ၊ မရှိ ဆွေးနွေးခဲ့သည်။
ယခုအချိန်တွင် ဒေါ်လာဈေး ၁၀၀၀ ၀န်းကျင်ပေါက်နေသော်လည်း ပြန်ဆပ်ရမည့်အချိန်တွင် ယင်းဒေါ် လာဈေး အတိုင်း မဟုတ်ဘဲ ဈေးတက်နေပါက မည်သို့ဖြစ်သွားမည် နည်းဟုဆွေးနွေးခြင်းဖြစ်သည်။
၎င်းအပြင် စီမံခန့်ခွဲမှုပေးရမည့် ဒေါ်လာ တစ်ရာခိုင် နှုန်းနှင့်ပတ်သက်ပြီး ပမာဏများခြင်း၊ အတိုးနှုန်းများခြင်း များကို ထောက်ပြပြီး ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။“နိုင်ငံခြားဘဏ်ကယူတဲ့ အတိုး နှုန်းဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ သမ၀ါယမ၀န်ကြီးဌာနက ပြည်သူတွေကို ချေးတဲ့အခါကျ တော့ ၁၈ ရာခိုင်နှုန်းအတိုးဖြစ်နေပါတယ်။ သမ၀ါယမ၀န်ကြီးဌာနရဲ့ ယူတဲ့အတိုးနှုန်းဟာများတယ် လို့ထင်ပါတယ်။ ဒီ့ထက်ပိုပြီး အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအောက်လျှော့နိုင်ဖို့ဆိုရင် ပြည်သူတွေပိုပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆွေးနွေးခဲ့သည်။
တောင်သာမြို့နယ်မဲဆန်္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကလည်း စီမံခန့်ခွဲမှုအတွက် ကြိုတင်ပေးသွင်းရမည့်ငွေပမာဏမှာ ဒေါ်လာတစ်သန်း ဖြစ်သဖြင့် ပမာဏများလွန်းပြီး ယင်းပမာဏ လျှော့ပေါ့ပေးရန်နှင့် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းမှာလည်း ဆယ်နှစ်ကာလတွင် အမေရိကန်ဒေါ်လာ ၄၅ သန်းဖြစ် သွားမည်ဖြစ်ပြီး လျှော့ပေါ့ပေးနိုင်ရန် ထပ်မံဆွေးနွေးသင့် ကြောင်း တင်ပြခဲ့သည်။
၎င်းအပြင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကလည်း ယင်း ချေးငွေများ မှာ ထုတ်ကုန်ပစ္စည်းဖြင့်ပေးမည်လား၊ ငွေသားဖြင့်ပေးမည်လားကို တိကျစွာခွဲခြားသင့်ကြောင်း တင်ပြဆွေးနွေး ခဲ့သည်။
“အိန်္ဒိယကချေးတုန်းကလည်း ၈၅ ရာခိုင်နှုန်းက သုံးမရတဲ့ရထားပစ္စည်းတွေပဲ ရလိုက်တယ်။ တရုတ်ကချေးတော့ လည်း ၉၀ ရာခိုင်နှုန်းလောက်က ဆောက်လုပ်ရေး ပစ်္စည်းတွေပဲရတယ်။ ငွေသားမရဘူး””ဟု ပြောသည်။
ချေးငွေများကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်က ငွေချေးသူအဖြစ် အာမခံပေးရမည်ဖြစ်ပြီး သမ၀ါယမ၀န်ကြီး ဌာနက ချေးငွေသုံးစွဲသူအဖြစ်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် ချေးငွေကို ဆိုင်းငံ့ကာလ နှစ်နှစ် အပါအ၀င် ၁၀ နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ် လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
No comments:
Post a Comment