ABC
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာက အကြမ်းဖက်မှု မှာ နေအိမ် ၄၄လုံး၊ ဈေးဆိုင် ၉ဆိုင်၊ အိမ်ဆိုင် ၄ဆိုင် ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၄ရက်နေ့ ညနေပိုင်းက ဆံပင်ရောင်းဝယ်တဲ့ဆိုင်က အမျိုးသမီးတဦးကို မွတ်စလင် ၁ဦးက အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အကြမ်းဖက်မှုတွေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မီးရှို့ခံခဲ့ရတဲ့ အိမ်တွေကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရွာသူရွာသားတွေကို သက်ဆိုင်ရာက ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အခြေအနေတွေ ငြိမ်သက်သွားပြီလို့ သိရပြီး မီးရှို့ဖျက်ဆီးတဲ့ သူတွေလို့ ယူဆရတဲ့သူ ၁၁ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လုံခြုံရေးတွေကိုလည်း တိုးပြီး ချထားတယ်လို့ သိရပါတယ်။
အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေက ထန်းကုန်းရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင်လူမျိုးကို ထုတ်ပေးဖို့ တောင်းဆိုရာက ညပိုင်းမှာတော့ မွတ်စလင်ဘာသာဝင် တွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေမဲ့ မွတ်စလင်တွေ နေအိမ်တွေ မီးရှို့ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။
ညနေ ၅နာရီခွဲလောက်မှာ ဒီမှာဆံပင်အရောင်အ၀ယ်ဆိုတာရှိတယ်လေ၊ ဆံပင်အရောင်းအ၀ယ်လုပ်တဲ့ အလုပ်သမလေးကို မူဆလင်၁ယောက်က လုံးတယ်လို့ သိထားတဲ့အတွက် အဲဒီကလေးကို ထန်းကုန်း အချုပ်ခန်းပို့လိုက်တယ်၊ အဲဒီအချုပ်ခန်းကို ရွာကလူတွေကလာပြီးတော့မှ အဲဒီအချုပ်သားကိုထုတ်ပေးဖို့ တောင်းတဲ့အချိန်ကနေစတာ ၊ နေခင်းတုန်းက ကျနော်တို့သွားတဲ့အချိန်မှာ အပျက်အစီးကတော့ မီးလောင်တာ အိမ် ၃၉အိမ်၊ ပျက်တဲ့အိမ်က ၁၂အိမ်လောက် ရှိမယ်၊ ဆိုင်ခန်းက ဈေးထဲမှာက ၄ခန်း၊ အပြင်မှာက ၇ခန်း လောက်ရှိတယ်။
လူပေါင်း တစ်ထောင်လောက် ရှိတဲ့ လူအုပ်ကြီးက မွတ်စလင်တွေရဲ့ နေအိမ်နဲ့ ဆိုင်တွေကို ဖျက်ဆီးခဲ့တာလို့လည်း ပြောဆိုတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment