ကိုတိုးကြီး | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာနှင့် ကိုက် ၂၀၀ ခန့် အကွာတွင် တည်ဆောက်ထား သည့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူးရစ်အက်စစ် စက်ရုံ သည် ကျေးရွာနှင့် အလွန် နီးကပ်နေသည့်အတွက် နေရာပြောင်းရွှေ့ပေးရန် ဒေသခံ ၅၀၀ခန့်က သြဂုတ် လ ၁၆ ရက်က ဆန္ဒပြခဲ့ကြသည်။
“အက်ဆစ်စက်ရုံက ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ ရာသီပေါ် သီးနှံစိုက်ခင်းတွေထဲ ကျလာခဲ့ရင် သီးနှံပင်တွေ ပျက်စီးရပါတယ်။ ရွာမှာရှိနေတဲ့ အထက်တန်းကျောင်းနဲ့လည်း အလွန်နီးကပ်နေတဲ့အတွက် ရေရှည်မှာကျောင်းတက်နေတဲ့ ကလေးတွေအတွက် ကျန်းမာရေးကိစ္စရပ်တွေကို အထူး စိုးရိမ်ပူပန်မိ ရပါတယ်”ဟု အက်ဆစ်စက်ရုံ ပြောင်းရွှေ့ပေးရေး ဆန္ဒပြ တောင်းဆိုနေသူ ကံကုန်းရွာနေ ဦးအောင်စိုးက ပြောသည်။
အဆိုပါ အက်ဆစ်စက်ရုံ တည်ဆောက်လည်ပတ်ခဲ့ပြီးနောက် ကံကုန်းကျေးရွာနေ ဒေသခံပြည်သူများမှ ကျန်းမာရေး အတွက် ထိခိုက်နစ်နာလာရသည်ဟုလည်း စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လျက် ရှိနေသည်။ အက်စစ်စက်ရုံသည် စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကြေးနီသန့်စင် ထုတ်လုပ်ရာ၌ အသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမီတက်မှ တည်ဆောက် လည်ပတ်နေခြင်း ဖြစ်သည်။
စက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ကြေးနီ မိုင်းလုပ်ငန်းအတွက် လိုအပ်သည့် ဆာလ်ဖျူးရစ်အက်စစ် ၉၈ ရာခိုင်နှုန်းနှင့် ညီမျှသည့် အက်စစ်တန်ချိန် ၅၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိသည်။
စက်ရုံခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေမြင့်ပြီး စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် SO2 ပါဝင်မှု ကို ၁၅၀ စာ (per million)ထက် မများစေရန် သတ်မှတ်ထိန်းချုပ် စွန့်ထုတ်ခဲ့သော်လည်း ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့်အတွက် အန္တရာယ်ရှိသည့် ဓာတုဗေဒ ပစ္စည်းစက်ရုံအဖြစ် နိုင်ငံတကာက သတ်မှတ်ထားသည်ဟုဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် သင့်မသင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပိုဒ် ၄၇ တွင် ဖော်ပြထားသည်။
No comments:
Post a Comment