နန်းမြင့်
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိမ်းဆည်းထားသော ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် သုံးရပ်ကွက်ရှိ မြေကွက်များကိုပြန်လည်ပေးရန် ပိုင်ရှင်များက လေးကြိမ်မြောက် ဆန္ဒဖော်ထုတ်ခြင်းကို သြဂုတ် ၂၀ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေး တရားရုံးချုပ်အနီးနှင့် ၎င်းတို့ မြေပိုင်ဆိုင်သည့် ၃ ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
ယခုတစ်ကြိမ် ဆန္ဒဖော်ထုတ်ခြင်းတွင် သိမ်းယူထားသည့် အိုးအိမ်ဦးစီးဌာနနှင့် ယင်းမြေနေရာပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပေးသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကို အရေးယူပေးပါရန် တောင်းဆိုခဲ့သည်။ ဆန္ဒဖော်ထုတ်ရာတွင် အင်အား ၇၅ ဦးခန့် ပါဝင်သည်။
သိမ်းဆည်းထားသည့် နေရာမှာ ရန်ကုန်မြို့ ၅၈ လမ်းမှ ရာဇာဓိရာဇ်လမ်း (၆၄ လမ်း ဘေး) အထိဖြစ်ပြီး ၁၉၉၄ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းယူခဲ့ခြင်းဖြစ်သည်။ လက်ရှိ ယင်းနေရာများတွင် အဆောက်အအုံများ ဆောက်ထားသည်ဟုလည်း မြေသိမ်းခံရသူများက ပြောသည်။ ယင်းမြေပိုင်ရှင်များကို ၁၉၄၇ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ နိုင်ငံတော်မှ ငှားရမ်းခပေးထားပြီး ယင်းနောက် အိုးအိမ်မှ သိမ်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိ အဆောက်အဦများ ဆောက်လုပ်ထားခြင်းနှင့် ပတ်သက်ပြီး မြေသိမ်းခံရသူ မြေကွက်အမှတ် ၄၂မြေပိုင်ရှင်ဦးမြင့်အောင်က “ကျွန်တော်တို့က ဘယ်သူ့ခွင့်ပြုချက်နဲ့ဆောက်လဲဆိုတော့ အိုးအိမ်ခွင့်ပြုချက် နဲ့ဆောက်တာတဲ့၊ ကျွန်တော်တို့သွားမေးတော့ စည်ပင်ခွင့်ပြုချက်နဲ့ ဆောက်တာ ပြောတယ်။ စည်ပင်ကို သွားမေးတော့ သူတို့ ခွင့်ပြုမထားဘူးတဲ့။ ကျွန်တော်တို့ ပေးထားတဲ့ စာက ဥပဒေမဲ့ ဆောက်တဲ့အတွက် ရပ်တန်းကရပ် မရပ်ရင် တရားစွဲမယ်ဆိုတဲ့စာ။ တရားစွဲရင် တိုက်တွေ ရပ်သွားပြီပေါ့ အခုက တိုက်တွေဆောက်ပြီးနေပြီ”ဟု ဆိုသည်။
ယင်းမြေကွက်တစ်ကွက်လျှင် ကာလပေါက်ဈေး သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိသော၂၅ ပေ ၊ ၅၈ ပေရှိသောမြေကွက် ၇၀၀ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ လက်ရှိ တောင်းဆိုသူများမှာ ပိုင်ရှင် ၉၂ ဦး ဖြစ်သည်။
ယင်းမြေကွက်များ ပြန်လည်မပေးပါကလည်း ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးစေလိုကြောင်းလည်း ယင်းမြေပိုင်ရှင်များက ဆိုသည်။
မြေပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဇော်အောင်ထွန်းက “၂၀၁၃ ခုနှစ်မှ အဆောက်အအုံတွေ အသည်းအသန်ဆောက်နေတယ်။ မြေတွေကို ၂၀၀၃ ကနေပြီး စီမံကိန်းအတွက် ယူထားတယ်။ ၁၀ နှစ်ရှိပြီ ဘာမှမလုပ် ရသေးဘူး။ အကောင်အထည် မဖော်ရသေးရင် ပြန်ပေးဆိုတဲ့ အချိန်ကျမှ စည်ပင်ခွင့်ပြုချက် မယူဘဲဆောက်နေတယ်”ဟု ဆိုသည်။
လက်ရှိတွင် ယင်းမြေပေါ်တွင် ၀ါဝါ၀င်း၊ ဧဒင်၊ ယုဇနကုမ္ပဏီများနှင့် ဌာနဆိုင်ရာအချို့မှ အဆောက်အအုံများဆောက်နေခြင်း ဖြစ်သည်။
No comments:
Post a Comment