Monday, August 5, 2013

တနင်္သာရီမြစ်ရေကြောင့် အိမ်ခြေ ရာနဲ့ချီ ရေလွမ်းမိုးခံရ

ABC

တနင်္သာရီတိုင်းဒေသကြီး၊ ​တနင်္သာရီ ​မြို့နယ်မှာ ​ဇူလိုင်လ ​နောက်ဆုံးအပတ်ကတည်းက ​မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ​တနင်္သာရီ ​မြစ် ​မြစ်ရေလျှံမှုတွေ ​ဖြစ်နေတဲ့အတွက် ​အိမ်ခြေ ​ရာနဲ့ချီ ​ရေလွမ်းမိုးခံနေရတယ်လို့ ​သိရပါတယ်။

တနင်္သာရီမြစ်ရေဟာ ​သြဂုတ်လ ​၂ရက်နေ့အထိ ​သာ ​မာန် ​မြစ်ရေထက်၂၄.၅ ​ပေမြင့်တက်နေတဲ့အတွက် ​အနီးနားက ​ချောင်းကြီးရပ်ကွက် ​ရွှေလိပ်ပြာ ​၆ ​လမ်းမှာ ​ရေအမြင့်ပေ ​ ၆ ​ပေ ​ကျော် ​မြင့်တက်နေပြီး ​ချောင်းငယ်ရပ်ကွက် ​မွန်စုရပ်မှာလည်း ​အမြင့်ပေ ​၆.၂ ​ပေ ​မြင့်တက်နေတဲ့အတွက် ​အိမ်ခြေ ​သုံးရာလောက် ​ရေလွမ်းမိုး ​ခံနေရတာ ​ဖြစ်ပါတယ်။

အိမ်ခြေသုံးရာလောက် ​ရေလွမ်းမိုးမှု ​ဖြစ်နေတဲ့အတွက် ​လူပေါင်း ​တစ်ထောင်ကျော် ​ဒုက္ခရောက်နေပေမယ့် ​လူပေါင်း ​၄၀၀ ​လောက်ကိုသာ ​ကယ်ဆယ်ရေးစခန်းမှာ ​နေရာချထားပေးနိုင်ကြောင်း ​သိရပါတယ်။

ခုလောလောဆယ် ​ရေဘေးဒုက္ခသည်တွေအတွက် ​ကယ်ဆယ်ရေးစခန်း ​၄ ​ခုဖွင့်လှစ်ထားပြီး ​သက်ဆိုင်ဋ္ဌာနတွေက ​လိုအပ်တဲ့ ​ကျန်းမာရေး ​၊ ​နေထိုင်စားသောက်ရေးတို့အတွက် ​ဆန် ​၊ ​ဆီ ​၊ ​ခေါက်ဆွဲခြောက်တွေကို ​ငါးရက်စာ ​ကူညီပေးထားတယ်လို့ ​ဒေသခံ ​ဦးသန်းစိုးဝင်းက ​ပြောပြပါတယ်။

တစ်ချို့ ​ရေဘေးသင့်သူတွေက ​ကယ်ဆယ်ရေးစခန်းအစား ​နီးစပ်ရာ ​ဆွေမျိုးတွေရဲ့ ​အိမ်မှာ ​ရွေ့ပြောင်းနေထိုင်ကြတယ်လို့လည်း ​သိရပါတယ်။ ​မြစ်ရေလျှံမှုကြောင့် ​စာသင်ကျောင်းတွေ ​ပိတ်ထားရပေမယ့် ​ဆယ်တန်းကျောင်းသားတွေကိုတော့ ​စာဆက်လက် ​သင်ကြားပေနေတယ်လို့ ​ဆရာမတစ်ဦးက ​ပြောပါတယ်။

တနင်္သာရီမြို့ ​အနီးဝန်းကျင်ရှိ ​ကျေးရွာ ​၆ ​ရွာမှာလည်း ​ရေကြီးမှု ​ဖြစ်နေပြီး ​လူဦးရေ ​၁၈၀ ​လောက် ​ကယ်ဆယ်ရေးစခန်းမှာ ​နေထိုင်နေရပြီး ​ရေကြီးမှုကြောင့် ​လယ်ယာမြေဧက ​၂၀၀ ​လောက် ​ရေနစ်မြုပ်ကုန်တယ်လို့လည်း ​သိရပါတယ်။

ရွာခြောက်ရွာအနက် ​မြန်မာအင်းတော်ရွာနဲ့ ​ကျောက်မိကျောင်းရွာမှာ ​ရေကြီးမှု ​အဆိုးဝါးဆုံးဖြစ်နေပြီး ​ရွာလုံးကျွတ်ပြောင်းရွှေ့မှု ​လုပ်ခဲ့ရပါတယ်။ ​အဲဒီရွာတွေဟာ ​မြို့နဲ့ ​အလှမ်းဝေးတဲ့အတွက် ​ ကယ်ဆယ်ရေးစခန်းကို ​မလာနိုင်ကြဘဲ ​တောင်ပေါ်မှာ ​တဲတွေ ​ဆောက်ပြီး ​နေထိုင်နေကြတယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ​နှစ်စဉ် ​နှစ်တိုင်း ​မြစ်ရေလွှမ်းမိုးမှု ​ဒဏ်ကိုခံစားရလေ့ရှိပြီး ​အဆိုးဆုံးကတော့ ​၁၉၉၄ ​ခုနှစ်က ​ဖြစ်ခဲ့တဲ့ ​ရေကြီးမှုဖြစ်ပြီး ​တစ်မြို့လုံးကို ​ရေလွှမ်းခဲ့တဲ့အကြောင်း ​အလွတ်သတင်းထောက် ​ရွှေမြိတ်သားလေး ​ဇော်ဇော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: