ABC
မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရေကြီးမှုတွေ ဖြစ်နေတဲ့အတွက် လူပေါင်းသောင်းနဲ့ချီ လုံခြုံရာကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သိရပါတယ်။
အဆက်မပြတ်ရွာတဲ့ မိုးရေနဲ့ တောင်ကျရေကြောင့် ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီ အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးနေတဲ့အတွက် လူပေါင်း နှစ်သောင်းခွဲနီးပါး နေရာ ပြောင်းရွှေ့မှု လုပ်ခဲ့ရပါတယ်။
ကရင်ပြည်နယ်အပြင် ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာလည်း ရေကြီးမှုတွေ ဖြစ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ လူတွေ ရွှေ့ပြောင်းမှု လုပ်နေရပါတယ်။
ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ ရဟတ်ယာဉ်တွေ စေလွတ်ထားပေမယ့် ဆိုးဝါးတဲ့ ရာသီဥတုအခြေအနေနဲ့ မြေပြိုမှုတွေကြောင့် နှောင့်နှေးမှုတွေ ဖြစ်နေရတယ်လို့လည်း သိရပါတယ်။
ဘီးလင်းရေကြီးမှု အိမ်ထောင်စု ၅၀၀ ၀န်းကျင် ရေဘေးသင့်
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ဇူလိုင် ၂၉ ရက်နေ့ကစပြီး လူနေအိမ်တွေရေနစ်မြုပ်ပြီး အိမ်ထောင်စု ၅၀၀ လောက် ဒုက္ခရောက်နေရကြောင်း သိရပါတယ်။
ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်းမှာ ထားရှိပြီး ရေကြီးမှုကြောင့် သေဆုံးမှုတွေတော့ မရှိဘူးလို့ ဘီလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဌေးအောင် ကပြောပါတယ်။
ဘီးလင်းမြို့ပေါ်ရှိ ရပ်ကွက် ၅ ခုမှာ ရေနစ်မြုပ်နေတာဖြစ်ပြီး ဘီလင်းမြို့နယ်တွင်းက ဒေါက်ရပ်ကျေးရွာ၊ ခဲမှောက်ကျေးရွာ၊ တက်တူကုန်းကျေးရွာ၊ တောင်ကလေးကျေးရွာနဲ့ ရွှေအင်တုံကျေးရွာတို့ဟာလည်း ရေနစ်မြုပ်မှုကို ခံနေရတယ်လို့ ဒေါက်ရပ်ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောပါတယ်။
ဘီလင်းမြို့နယ်မှာ ကျေးရွာ ၅၅ ရွာရှိတဲ့အထဲ ရွာ ၂၀ လောက် ရေကြီးမှု ဖြစ်နေတာဖြစ်ပြီး လယ်ဧက အနည်းဆုံး လေးထောင်ကျောက်လောက် နစ်မြုပ်ကုန်တယ်လို့လည်း ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးကျော်မျိုးမင်းက ပြောပါတယ်။
ရေဘေးအတွက် စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၁၈၉၅ ဦးကို ကူညီစောင့်လျှောက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းတွေရဲ့ စာရင်းအရ သိရပါတယ်။
ခုလောလောဆယ် ဒေသခံတွေကပဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး NLD ပါတီဝင်တွေ၊ ဟိတဓရဖောင်ဒေးရှင်း နဲ့ အခြား NGO အဖွဲ့စည်းတွေက စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ ရဖို့ အကူအညီပေးလျှက်ရှိပြီး အာဏာပိုင်တွေ လာရောက် ကူညီထောက်ပံ့တာတွေ မရှိသေးဘူးလို့ သိရပါတယ်။
ရေလွှမ်းမိုးမှုကြောင့် ဘီးလင်းမြို့နယ်တွင်း ရေကြီးရာဒေသမှာ စာသင်ကျောင်းပိတ်ထားရပြီး စိုက်ခင်းတွေ ရေနစ်မြုပ်တဲ့အတွက် ဒေသခံ တောင်သူတွေအတွက် ထိခိုက်နစ်နာနေရကြောင်းလည်း ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ နှစ်စဉ်နီးပါးရေကြီးမှုတွေ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီနှစ် ရေကြီးမှုက အဆိုးဝါးဆုံး ဖြစ်တဲ့အကြောင်း အလွတ်သတင်းထောက် ရွှေမြိတ်သားလေး ဇော်ဇော်က သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရေကြီးမှု ဖြစ်နေသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ရေကြီးမှု ဖြစ်နေပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တစ်ဖက်ကမ်းက မဲဆောက်မြို့မှာ ရေကြီးမှု ဖြစ်ခဲ့ပြီး တခြား ခရိုင် ၅ ခုမှာလည်း ရေကြီးမှုဖြစ်နေတဲ့အတွက် လူ သုံးဦး သေဆုံးခဲ့ရပြီလို့လည်း သိရပါတယ်။
သတင်းပေးပို့ချက်ကဏ္ဍမှာတော့ မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာဖြစ်နေတဲ့ ရေကြီးမှုအကြောင်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment