ထင်လင်းအောင်
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း (SMEs) များအား အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ရရှိမည်ဟု ယခုလဆန်းက စတင်ကြေညာထားသော်လည်း လက်တွေ့တွင် ယခင် အတိုင်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကပြောသည်။
ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးလာရေးအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများစွာ ရှင်သန်ရန် လိုအပ်ခြင်းကြောင့် လူ ၂၅ ဦးအောက် SMEs လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်း လွတ်ခွင့်များပေးမည်ဖြစ်ကြောင်း ရုပ်သံဌာနများတွင် ထည့်သွင်းကြေညာနေသည်။
ယင်းသို့ ကြေညာနေခြင်းမှာ NGO အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်တွေ့တွင်မူ မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်နေရဆဲဖြစ်ကြောင်း ယင်းက ဆိုသည်။
ထိုသို့ SMEs လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ရမည်ဆိုသည့် ကိစ္စရပ်များမှာ လက်ရှိအချိန်တွင် ညှိနှိုင်းဆောင်ရွက်ရန် ပြင်ဆင်ဆဲ အခြေအနေသာရှိခြင်းဖြစ်ပြီး အမှန်တ ကယ်ကင်းလွတ်ခွင့် ရရှိခြင်း၊ မရရှိခြင်းများမှာ အတည်ပြုချက်မရှိသေးကြောင်း ယင်းကပြောသည်။
ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက“ အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဆိုတာတွေကို ကျွန်မတို့ ဌာနကတောင်မသိသေးပါဘူး။ ရုပ်သံမှာ ကြေညာနေတာကလည်း SMEs ဖွံ့ဖြိုးရေးဗဟို ဌာနရဲ့ အစီအစဉ်မဟုတ်သလို သိလည်းမသိရသေးပါဘူး”ဟု ပြောသည်။
လက်ရှိအချိန်အထိ စက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ကိုင်ခွင့် မှတ်ပုံတင်လိုသူများသည် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် သတ်မှတ်နှုန်းထားဖြစ်သည့် ငွေကျပ် ၁၀ သိန်း အတိုင်းပေးသွင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ယင်းကဆိုသည်။
ဆက်လက်၍ ယင်းက“ MRTV ရုပ်သံမှာ ကြေညာနေတာနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှု လုပ်ဖို့ တော့ရှိနေပါတယ်။ ဒါပေမဲ့ ဘာမှတော့ အတိအကျ သတ်မှတ်ထားတာ မရှိသေးပါဘူး”ဟု ပြောသည်။
ယင်းသို့ ကြေညာချက်ရှိနေခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်လိုသူများ အနေဖြင့်လည်း စိတ်ဝင်စားမှုများ လာကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။
ယင်းက“ ကျွန်မတို့ဌာနမှာ ဒီလို ကင်းလွတ်ခွင့်ပေးတယ်ဆိုတဲ့အပေါ် လာမေးတဲ့သူတွေရှိနေလို့ မသိသေးတဲ့ အကြောင်းပြန် ဖြေနေရတယ်။ စိတ်ဝင်စားမှုလည်းများ ကြတယ်”ဟုပြောသည်။
တိုင်းပြည်၏ စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးမှာ အဓိက အရေးပါခြင်းဖြစ်ရာ လျှင်မြန်စွာ တိုးတက်ရန်မှာ နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီမှုများ အမှန်တကယ် လိုအပ်ကြောင်းပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
သို့ရာတွင် နိုင်ငံတကာ စံနှုန်းများအရ ကုမ္ပဏီ သို့မဟုတ် အိမ်တွင်းလုပ်ငန်းတစ်ခုကိုပင် လုပ်ဆောင်မည် ဆိုပါကနိုင်ငံတော်တွင် မှတ်ပုံတင် ဆောင်ရွက်ရခြင်းဖြစ်ကာ မှတ်ပုံတင်ကြေးပေးသွင်းရခြင်းဖြစ်ရာ မှတ်ပုံတင်ကြေး ကင်းလွတ်ဆိုသည့်အချက်အား ကျင့်သုံးလေ့မရှိကြောင်း ယင်းတို့ကဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်က“ SMEs တွေကို စံတစ်ခုသတ်မှတ်ပြီး ကင်းလွတ်ခွင့်တွေ အများကြီးပံ့ပိုးဖို့ လိုတယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် မှတ်ပုံတင်ကြေးဆိုတာကို ပေးသွင်းရတယ်။ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။အခွန်ကင်းလွတ်ခွင့်ဆိုတာတော့ ဖြစ်သင့်တဲ့ အတိုင်းအတာနဲ့ပေးဖို့လိုတယ်။ တစ်ခုရှိတာက ဒီမှာပေးရတဲ့ မှတ်ပုံတင်ကြေး ငွေကျပ်၁၀ သိန်းဆိုတာကတော့ များလွန်းတယ်” ဟုပြောသည်။
အသစ်ထုတ်ပြန်မည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဥပဒေတွင် SMEs လုပ်ငန်းများ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် ၀န်ဆောင်မှုလုပ်ငန်းများနှင့် အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းများကိုပါ ထည့်သွင်းထားခြင်းဖြစ်ကြောင်း ဒေါ်အေးအေးဝင်းက ဆိုသည်။
ယင်းအခြေအနေအရ ၀န်ဆောင်မှုလုပ်ငန်းများဟု ဆိုရာတွင် ခရီးသွားလုပ်ငန်းများ၊ အိမ်ဆိုင်ကဲ့သို့ Shopping Mall အသေးစားများလည်း ပါဝင်နေခြင်းဖြစ်ရာ ယင်းလုပ်ငန်းများအနေဖြင့်လည်း သတ်မှတ် စံနှုန်းများတွင် အကျုံးဝင်နိုင်ဖွယ်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
အသေးစားနှင့် အလတ်စားစက်မှုဖွံ့ဖြိုးရေး ဗဟိုဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိခြင်း ဖြစ်သော်လည်း ယင်းအနက်မှ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေး စားစက်မှု လုပ်ငန်းများ အဆင့်တွင်သာ ပါဝင်နေခြင်းဖြစ်သည်။
ကုမ္ပဏီ မှတ်ပုံတင်ကြေးများကို ၂၀၁၂ ခုနှစ်အတွင်း ကျပ် ၁၀ သိန်းမှ ခြောက်သိန်းသို့ လျှော့ချခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်အတွင်း ကျပ် ၁၀ သိန်းသို့ ပြန်လည်တိုးမြှင့်သတ်မှတ်ထားခြင်း ဖြစ်သည်။
No comments:
Post a Comment