မိုးဇော်
ရခိုင်ပြည် စစ်တွေမြို့သို့ ယနေ့နံနက် ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံ ၂၀ ကျော်က ဆန္ဒပြကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် မိန်းမအနည်းဆုံး ၁၀ ယောက်ပါဝင်ပြီး လေဆိပ်မှထွက်ခွာရာ လမ်းတစ်လျှောက်၌ ကင်တားနားကို အလိုမရှိ၊ ကင်တားနားထွက်သွားပါဆိုသည့် ဆိုင်ဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးဖြစ်သူ ကိုသန်းထွန်းသန်းက " ကင်တာားနား ရခိုင်ပြည်ကိုရောက်သမျှ ရခိုင်နဲ့အစိုးရကို တစ်ဖက်သတ် အပြစ်မြင်စကားသာပြောပြီး ဘင်္ဂလီများကို အမြဲလိုလို ရိုဟင်ဂျာဟု သုံးနှုန်းကာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖေါက်ခံနေရကြောင်း၊ ခွဲခြားဆက်ဆံ ခံနေရကြောင်းများကိုသာ ဇောင်းပေး၍ ပြောဆိုလေ့ရှိပါတယ်။ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်သည့် ကိစ္စများပင်ရှိခဲ့၍ ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု ယူဆပါတယ်။ " ဟု ပြောသည်။
ဆန္ဒပြသူများသည် မည်သည့်အဖွဲ့အစည်းတို့၏ ဦးဆောင်မှုဖြင့် ကန့်ကွက်ဆန္ဒပြရခြင်းမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူများမှ စုပေါင်းပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း သူကဆိုသည်။
ကင်တားနားသည် ရခိုင်ပြည်ကို မည့်သည့်အတွက်ကြောင့် လာရောက်သည်ကို ဒေသခံများမသိပေ။ သို့သော်လည်း ကင်တားနားသည် လူ့အခွင့်အရေး ဆိုင်ရာကိစ္စနှင့် ဘင်္ဂလီများအနေအထားကို လာပြီးစောင့်ကြည့်ရေးနှင့် ထိုမှရရှိလာမည့် မဟုတ်မမှန် တစ်ဖက်သက်ဆန်သည့် သတင်းအား အစီရင်ခံစာအဖြစ် သူတို့၏ သက်ဆိုင်ရာသို့ တင်ပြပေးမည်ဖြစ်ကြောင်းဟု ဆန္ဒပြသူများအပါအ၀င် ဒေသခံများတချို့က ဝေဖန်နေကြသည်။
မစ္စတာကင်တားနားသည် ဘူးသီးတောင် အကျဉ်းထောင်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်သူလူထုနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

No comments:
Post a Comment