Saturday, August 10, 2013

မြန်မာအစိုးရမှ ကလေးစစ်သား ၆၈ ဦး ထပ်မံလွှတ်ပေးမှုအပေါ် ကုလသမဂ္ဂကြိုဆို

အောင်ကျော်မိုး

မြန်မာအစိုးရမှ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေး အစီစဉ်နဲ့ တပ်မတော်ကနေ ကလေးစစ်မှုထမ်း ၆၈ ဦးကို မနေ့က လွှတ်ပေးခဲ့ခြင်းအပေါ် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးမှူး Ashok Nigam တို့မှ ကြိုဆိုကြောင်း မနေ့ကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်တွင်း ကလေးစစ်သား အသုံးပြုမှု ပယ်ဖျက်ရေး သဘောတူညီချက်တစ်ခုကို မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ၂၀၁၂ ခုနှစ် ဇွန်လတုန်းက သမိုင်းဝင် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အခုတခါ မြန်မာ့တပ်မတော်မှ ၄ ကြိမ်မြောက် ကလေးစစ်သား လွှပ်မြောက်ပေးခြင်းဖြစ်ကာ ကလေးအရေအတွက် အများဆုံး လွတ်မြောက်လာခြင်းလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးမှူး Ashok Nigam က အခုလို တပ်မတော်မှ ကလေးစစ်မှုထမ်း ၆၈ ဦး လွှတ်ပေးခြင်းဟာ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား ကလေးစစ်မှုထမ်း အဆုံးသတ်ရေး သဘောတူစီမံဆောင်ရွက်ချက်အရ မြန်မာအစိုးရမှ အပြုသဘောဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Shalini Bahuguna ကလည်း မနေ့က ကလေးစစ်သား ၆၈ ဦး ပြန်လွှတ်ပေးလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ပြီး၊ တချိန်တည်းမှာပဲ တပ်မတော်တွင်း ကျန်ရှိနေသေးတဲ့ ၁၈ နှစ်အောက် ကလေးစစ်သား အကုန်လုံးကို တချိန်တည်းနဲ့ ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂနဲ့ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ဖို့ သဘောတူလက်မှတ်ရေးထိုးပြီး ၁၃ လ အတွင်း မြန်မာအစိုးရမှ ကလေးစစ်သား စုစုပေါင်း ၁၇၆ ဦးကို ၄ ကြိမ်ခွဲပြီး လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။ ပထမအကြိမ် ၂၀၁၂ စက်တင်ဘာလ တုန်းက ၄၂ ဦး၊ ဒုတိယကြိမ် ၂၀၁၃ ဖေဖဝါရီလမှာ ၂၄ ဦး၊ နောက်တကြိမ် ၂၀၁၃ ဇူလိုင်လက ၄၂ ဦးနဲ့ အခုအကြိမ် ၆၈ ဦး စုစုပေါင်း ၁၇၆ ဦး အသီးသီး လွတ်မြောက်လာခြင်းဖြစ်ကြောင်း ထုပ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အစိုးရစစ်တပ်အပြင် တခြားတိုင်းရင်းသား လက်နက်ကိုင်စစ်တပ် (၇) ခု မှာလည်း ကလေးစစ်သား အသုံးပြုလျှက်ရှိတယ်လို့ UNICEF ထုပ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး အဲဒီတပ်တွေအနေနဲ့လည်း ကလေးစစ်မှုထမ်း အသုံးပြုခြင်း ချက်ချင်းရပ်တန့်ပေးဖို့ တိုက်တွန်းထားပါတယ်။

No comments: