ချိုကို
ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲချက် ၁၀ ချက်ရှိပြီး ယင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်ဟု သြဂုတ် ၂၀ ရက်က အမျိုးသား လွှတ်တော် အစည်းအဝေးတွင် သဘောတူခဲ့သည်။
ဆက်သွယ်ရေး ဥပဒေကြမ်းအပေါ်တွင် ထပ်မံပြင်ဆင်ရန် လိုအပ်သည့်အချက် ၁၀ ချက်တို့သည့် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသည့် အချက်များအဖြစ် မှတ်ယူရမည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး အတည်ပြုဆောင်ရွက်သင့်ပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်နှစ်ရပ်အကြား သဘောထား ကွဲလွဲချက်များတွင် လုပ်ငန်းလိုင်စင် သတ်မှတ်ပေးခြင်း ကိစ္စရပ်များ၊ပြည်သူတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစိတ်ချရမှု အာမခံစေရေးကိစ္စရပ်များ ပါဝင်နေသည်။
ဆက်သွယ်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီသို့ ဆွေးနွေးရန်ပေးပို့ခဲ့သည့်အချိန်ကလည်း ပြည်တွင်းရှိ အိုင်စီတီပညာရှင်များ၊ လုပ်ငန်းရှင်များကို အကြံပြုဆွေးနွေးရန် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက “ဆက်သွယ်ရေးဥပဒေကြမ်းကတော့ ဒီလကုန်လောက်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ အပြီးသတ်ဆွေးနွေးသွားမယ်လို့ ထင်ပါ တယ်”ဟု ပြောသည်။
ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပြည်တွင်းပညာရှင်၊ လုပ်ငန်းရှင်များ၏ အကြံပြုချက်များကို ပြန်လည် ဆွေးနွေးပြုပြင်ထားသည့် အချက်များလည် ပါဝင်နေပြီး နိုင်ငံတကာစံနှုန်းမီသည့်အဆင့်တွင် ရှိနေသည်ဟုလည်း အိုင်တီပညာရှင်များက သုံးသပ်ထားသည်။
ယင်းဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အများပြည်သူ လေ့လာနိုင်စေရန် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။ ယင်းသို့ဖော်ပြခဲ့ပြီးနောက်ပိုင်း ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်တွင်းအိုင်တီ ပညာရှင်များ၊ လုပ်ငန်းရှင်များက ပြင်ဆင်ရန် လိုအပ်သည်များကို အကြံပေးထောက်ပြမှုများရှိခဲ့သည်။
No comments:
Post a Comment