Saturday, August 3, 2013

ရေကြီးမှုကြောင့် ပြည်နယ်သုံးခုတွင် ကယ်ဆယ်ရေးစခန်း ၁၀၃ခု ဖွင့်လှစ်ထားရ

မင်းမင်း၊ ဖိုးစိုးသူ၊ နန်းမြင့်၊ အေးအေးကျော်၊ ယဉ်စနိုင်း

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်

ဇူလိုင် နောက်ဆုံးပတ်ခန့်မှစ၍ မြန်မာနိုင်ငံ အချို့ဒေသများတွင် မိုးသန်းထည်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့် တက်လာမှုကြောင့် ရေကြီးမှုများ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားနေရာ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်အတွင်းရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွေ့နေထိုင်ရသော လူဦးရေ ၃၄၀၀၀ ကျော်အတွက် ကယ်ဆယ်ရေးစခန်း ၁၀၃ ခု ဖွင့်လှစ်ပေးထားသည်ဟု မီးသတ်ဦးစီးဌာန၏ ဇူလိုင် ၃၁ ရက်အထိ စာရင်းများအရ သိရသည်။

အဆိုပါ ပြည်နယ်သုံးခုတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်အထိ ကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့နေရာချထားသော အိမ်ထောင်စု ၇၀၀၀ ကျော်မှ လူဦးရေ ၃၄၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

ကရင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများ

ကရင်ပြည်နယ်တွင် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် မြ၀တီမြို့နယ်တို့တွင် အိမ်ထောင်စု ၅၉၈၀ မှ လူဦးရေ ၃၀၆၉၄ ဦးတို့အတွက် ကယ်ဆယ်ရေးစခန်း ၇၅ ခု ဖွင့်လှစ်ထားသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးမှုနှင့် ပတ်သက်ပြီး ဘားအံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာက “နေလာတဲ့ နှစ်သုံးဆယ်ကျော်အတွင်း အခုနှစ်က ပထမဦးဆုံး ရေကြီးတဲ့နှစ်ပါ၊ ခါတိုင်း နှစ်တွေလည်း ဒီလို မိုးသည်းထန် ရွာသွန်းတာပါဘဲ၊ ဒီနှစ်လို မဟုတ်ပါဘူး၊ ရေဘေး ဒုက္ခသည်တွေကို ကျောင်းတွေကို ရွှေ့ထားရပါ တယ်”ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၃၁ ရက်အထိ ရေမြုပ်သည့် ကျောင်းပေါင်း ၆၀ ရှိပြီး လယ်မြေများ ရေမြုပ်သည့် ဧက၂၀၉၅၆ ဧက ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

ယင်းအပြင် ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးနှင့် ပုဂ္ဂလိကဘဏ် ၂၇ ခုတွင် ရေအနက် တစ်ပေမှ ရှစ်ပေအထိ တက်နေပြီး ဒုက္ခသည် ၁၂၈၃၉ ဦးရှိနေပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ရေကျနေပြီဟုလည်း သိရသည်။

မြ၀တီမှ ခရိုင်အုပ်ချူပ်ရေးမှူး ဦးတင့်ဝေသုံကလည်း “ အခုလက်ရှိ အခြေအနေကတော့ ရေကျသွားပါပြီ။ မြ၀တီမြို့ပေါ်က ကျောင်းတွေကတော့ အားလုံး ပိတ်ထားပါတယ်။ ဖျားနာပြီး သေတဲ့လူတော့ ရှိပါတယ်၊ ရေဘေးကြောင့်မို့လို့သေတာတော့ မဟုတ်ပါဘူး၊ ရေဘေးဒုက္ခသည် ကလေး၊ လူကြီး မကျန် ကျန်းမာ ရေးဦးစီးဌာနက ၂၄ နာရီ အချိန်ပြည့် စောင့်ရှောက်ထားပါတယ်”ဟု မဇ်္စိုမသို့ ပြောသည်။

မွန်ပြည်နယ်တွင်း မြို့နယ်နှစ်ခုတွင် အိမ်ထောင်စု ၈၆၅ စု အတွက် ကယ်ဆယ်ရေးစခန်း ဖွင့်ထားရပြီး မွန်ပြည်နယ်၊ရေးနှင့် ဘီးလင်းမြို့နယ်တို့တွင် အိမ်ထောင်စု ၈၆၅ စုမှ လူဦးရေ ၃၈၉၈ ဦးတို့အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းအပြင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျချောင်းရေနှင့်၊ မြစ်ရေလျှံမှုတို့ကြောင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း လယ်မြေဧက ငါးသောင်းကျော် ရေနစ်မြုပ်နေသည်ဟု စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန် ကြီးဌာနမှ သိရသည်။ လယ်ယာမြေ နစ်မြုပ်နေသည့် ကျိုက်ထို၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များအနက် သထုံမြို့နယ်တွင် နစ်မြုပ်မှုအများဆုံး ဖြစ်ပြီး လယ်မြေဧကပေါင်း ၂၂၆၂၉ ဧက နစ်မြုပ်သွားခဲ့သည်။

“ရေမြုပ်နေတဲ့နေရာတွေမှာ အခု ရေပြန်ကျနေပါပြီ ကျိုက်မရောကတော့ မနေ့က ရေစကြီးတာ ပြန်မကျသေးဘူး၊ သီးနှံပျက်စီးမှု အခြေအနေကိုတော့ မပြောနိုင်သေးဘူး”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။

မွန်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး ရေလွှမ်းမိုးမှုကြောင့် ရေဘေးဒုက္ခသည် တစ်ထောင်ကျော်ရှိကာ ၄င်းအတွက် ရေဘေး ဒုက္ခသည်စခန်း ၁၈ ခု ဖွင့်လှစ်ထားခဲ့ရသည်။

ထိုအတူ ရေးမြို့တွင်လည်း ရေကြီးမှုကြောင့် ရပ်ကွက်တချို့ ရေနစ်မြုပ်ကာ အိမ်ထောင်စု ၂၀၀ ကျော် လူဦးရေ တစ်ထောင်နီးပါး ရေဘေးသင့်နေပြီး ၄င်းတို့အတွက် အားကစားရုံ၊ ရပ်ကွက်ရုံးနှင့် ဘုန်းကြီးကျောင်း နှစ်ကျောင်းတို့တွင် စခန်းဖွင့် နေရာချထားပေးကာ လိုအပ်သည့် ဆေးဝါးကုသမှု စားသောက်မှုတို့ကို မြို့ခံတို့နှင့် တာဝန်ရှိသူတို့ကစောင့်ရှောက်ထားသည်ဟု ရေးမြို့နယ် တာဝန်ခံဝန်ကြီး နိုင်လ၀ီအောင်က ပြောသည်။ ရေးမြို့တွင် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ်ထားသည်ဟုလည်း သိရသည်။

ကျိုက်မရောမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၁၀ ရွာခန့် ရေနစ်မြုပ်နေပြီး ရေနစ်မြုပ်မှုကြောင့် ဇူလိုင်လ ၃၀ ရက်မှစပြီး စာသင်ကျောင်း ၁၁ ကျောင်း ရေမြုပ်နေပြီး ရက်အကန့်သတ်မရှိ ပိတ်ထားရသည်။

ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာနမှ ဒုညွန်မှူးဒေါ်ဖြူဖြူလဲ့ထွန်းက “ကရင်နဲ့ မွန်ကို ခေါက်ဆွဲ ခြောက်နဲ့ ရေသန့်တို့ ပို့ထားပါတယ်။ ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ထောက်ပံ့ပို့ စီစဉ်နေပါတယ်။” ဟု ပြောသည်။

ရခိုင်တွင် အိမ်ထောင်စု၁၉၀ ကယ်ဆယ်ရေးစခန်းသို့ရောက်နေပြီး ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ တောင်ကုတ်တို့တွင် အိမ်ထောင်စု ၁၉၀ မှ လူဦးရေ ၁၅၅ ဦးအတွက် ကယ်ဆယ်ရေးစခန်း တစ်ခု ဖွင့်လှစ်ထားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ လယ်ဧက ၃၀၀၀ ကျော်ခန့် ရေနစ်မြုပ်ခဲ့ကြောင်း ကွန်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှုး ဒေါ်သန်းသန်းဆင့်က မဇ္ဈိမကို ပြောကြားသည်။ ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ ဒရယ်လူး၊ မရပ်ကုန်း၊ကျေးရွာများရှိ လယ်စိုက်ကွင်းများတွင် ရေကြီးရေလျှံ၍ လယ်စိုက်ခင်းများ ဧက ၃၀၀၀ ကျော်ခန့် နစ်မြုပ်ခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လယ်များရေနစ်မြုပ်ခဲ့ရသော ကွန်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာမှ လယ်သမားဦးဆန်းလွင်က “ကျွန်တော်တို့ လယ်စိုက်ကွင်းတွေက ရေနက်ကွင်းတွေ ဖြစ်တယ်။ မိုးသည်းသည်း ရွာပြီဆိုတာနဲ့ ရေလျှံတာတွေ ဖြစ်တယ် ။ ရေလျှံမှုတွေကို ကာကွယ်ဖို့ ဆည်မြောင်းက ရေ ကြီးရေလျှံမှုတွေကို ကာကွယ်ဖို့အတွက် ဆည်မြောင်းတွေ ဖောက်ပေးတယ်။ သိပ်ပြီးတော့ ထူးထူးခြား ခား ကာကွယ်နိုင်တာ မရှိဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် စာသင်ကျောင်း နှစ်ကျောင်း ရေ၀င်၍ ခေတ္တပိတ်ထားရပြီး ဥက္ကံမြို့နယ်ချောင်းစောက်ရွာရှိ အလျားပေ ၄၀၊ အကျယ် ၁၄ ပေ တံတားနှင့် ဆက်စပ်မြေသားများ ဆယ်ပေခန့် ပြိုကျခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်း သာပေါင်းရေကြီးမှု ကူညီပေးရန် ၀န်ကြီးချုပ်ထံ အကြောင်းကြားထားရပြီး ဧရာဝတီတိုင်း အတွင်းရှိ သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၀ ရှိသည့်အနက် ၅၀ ခန့်မှာ ရေကြီးနစ်မြုပ်လျက် ရှိနေသောကြောင့် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တိုင်းဝန်ကြီးချုပ်နှင့် တိုင်းလွတ်တော်သို့ အကြောင်းကြားစာ ပေးပို့ထားရကြောင်း သာပေါင်းမြို့နယ်မှ တိုင်းလွှတ်တော်အ မတ် ဦးဝင်းသိန်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြို့နယ်တွင် မူလတန်းကျောင်းပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၈၀ ခန့်မှာ ရေ၀င်ရောက်လျက်ရှိနေပြီး ပညာရေးဌာနမှ တရားဝင် ကျောင်းပိတ်ခြင်း မရှိသေးကြောင်းလည်း ဦးဝင်းသိန်းကပြောသည်။

No comments: