Thursday, August 15, 2013

၂၀၁၂ တောင်ကုတ် လူသတ်မှု မသင်္ကာသူ ၆ ဦးကို ဥပဒေပုဒ်မပြောင်းပြီး ရမန်ရုံးချိန်းမရောက်ဘဲ တရားရုံးသို့ စွဲချက်တင်

မိုးဇော်

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ရခိုင်ပြည် တောင်ကုတ်မြို့တွင် ဘင်္ဂလီ ၁၀ ဦး အသတ်ခံရမှုမှာ ပါဝင်ပတ်သက်သူဟုဆိုကာ သံသယရှိသူ မြို့ခံ ၆ ဦးကို ဇူလိုင်လ ၁၇ ရက်နေ့က CID နှင့် ဒေသခံရဲတို့က ပူးပေါင်းဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ဥပဒေပုဒ်မ ၃၀၂/၃၄ သို့ ပြောင်းပြီး ရမန်ရုံးချိန်းကို မရောက်ဘဲ သြဂုတ်လ ၁၃ ရက်နေ့တွင် တရားရုံးသို့ စွဲချက်တင်လိုက်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ မှာ လူသတ်မှုကို အားပေးကူညီမှုဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ မှာ အုပ်စုဖွဲ့သတ်ဖြတ်မှုဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ပုဒ်မ ၃၀၂/၁၁၄ ဖြင့် စစ်ဆေးခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့သို့ ရမန်ရုံးချိန်းပေးခဲ့ကြောင်း သို့သော်လည်း သြဂုတ်လ ၁၃ ရက်နေ့တွင် ရဲများက မိသားစုများကို အသိမပေးဘဲ တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်လိုက်ကြောင်း ဖမ်းဆီးခံရမှုတွင်ပါဝင်သူ ကိုလင်းမောင်၏ ညီဖြစ်သူ ကိုထွန်းလင်းက ပြောသည်။

" ကျနော်တို့ကို သူတို့က သြဂုတ်လ ၁ ရက်နေ့ ရမန်ရုံးချိန်းတယ်။ ကျနော်တို့လည်းသွားကြတာပေါ့။ ဒါပေမယ့် သူတို့က ရုံးထုတ်မပေးဘူး။ နောက်ထပ် သြဂုတ်လ ၁၅ ရက်နေ့ ရုံးတင်မယ်ဆိုပြီးတော့ ရမန်အကြာကြီးယူထားလိုက်တယ်။ ဒါပေမယ့်လည်း ၁၅ ရက်နေ့ကို မရောက်လိုက်ပါဘူး။ မနေ့က ၁၃ ရက်နေ့မှာပဲ ရုံးတင်စစ်ဆေးလိုက်ပါတယ်။ ဆိုတော့ ကျနော်တို့အပါအ၀င်ပေါ့ အဲဒီ ဖမ်းဆီးခံထားရတဲ့ ခြောက်ယောက်စလုံးရဲ့ မိသားစုဝင်တွေ မသွားလိုက်ရဘူး။ တခါတည်းရုံးကို စွဲချက်တင်ပြီးတော့ အမှုဖွင့်လိုက်တာပဲ။ သူတို့ကို ပထမ စွဲချက်တင်တာကတော့ ပုဒ်မ ၃၀၂/၁၁၄ နဲ့ တင်တယ်။ ရုံးကို တကယ်တင်တာကျတော့ ပုဒ်မ ၃၀၂/၃၄ သို့ ပြောင်းပြီးတော့ အမှုဖွင့်လိုက်တယ်။ ၀ိုင်းဝန်းကူညီမှုဆိုတဲ့ ပုဒ်မလို့ပြောပါတယ်။ " ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တရားရုံးတွင် စစ်ဆေးရန် သြဂုတ်လ ၂၆ ရက်နေ့သို့ ထပ်မံ ရမန်ရုံးချိန်းထားကြောင်း၊ ထိုအပြင် ၄င်း ၆ ဦး ဖမ်းဆီးသူများနှင့် တရားလိုအဖြစ် တရားစွဲဆိုထားသူများမှာ အင်းစိန် CID မှ ရဲများ ဖြစ်နိုင်ကြောင်း၊ သို့သော် ၄င်းကိစ္စနှင့်ပတ်သက်၍ မည်သူတို့က ဖမ်းဆီးခိုင်းပြီး၊ မည်သူတို့က တရားလိုအဖြစ် တရားစွဲဆိုထားသည်ကို သံတွဲရဲအား မေးမြန်းရာ သူတို့မှာ တာဝန်အရ အထက်က အမိန့်မပေးသည့်အတွက် ဖြေကြားခွင့်မရှိဟု ပြောကြားကြောင်း သာသနာ့ကွန်ရက် ၉၆၉ အဖွဲ့(သံတွဲ)မှ ကိုမြင့်စိုးက ပြောသည်။

" ကျနော်တို့က သံတွဲက ရဲတွေကိုမေးတယ်။ သူတို့က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ မသိကြဘူး။ CID က အမှုကိုကိုင်ထားတာဆိုတော့ ဘာတစ်ခုမှ မေးလို့မရဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ CID ကပဲ ဖမ်းဆီးတာ၊ CID ကပဲ တရားလိုအဖြစ်နဲ့ တရားစွဲတာ ဖြစ်နိုင်ပါတယ်။ " ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသော ၆ ဦးမှာ ကိုလင်းမောင်(ခေါ်) ထွန်းနိုင်၊ ကိုဝင်းနိုင်(ခေါ်) မောင်ပု၊ ကိုသိန်းရွှေမောင်၊ ဦးထွန်းကျော်၊ ပေါက်ဆိန်(ခေါ်) ထွန်းမြင့်နှင့် ဦးထွန်းဝင်းတို့ဖြစ်ပြီး သူတို့အားလုံးသည် တောင်ကုတ်မြို့ပေါ်မှ ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင်းကျေးရွာသူ မသီတာထွေးကို ဘင်္ဂလီလူငယ် ၃ ဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၃ ရက်နေ့တွင် သံတွဲမြို့မှ လာသည့် ရိုးမသစ္စာကားကို တောင်ကုတ်တွင် လူအုပ်ကြီး တစ်ခုက တိုက်ခိုက်ရာ ကားပေါ်တွင် ပါလာသူ ဘင်္ဂလီ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ဇွန်လဆန်းမှာ စတင်ခဲ့သော ပဋိပက္ခများကြောင့် လူဦးရေ သောင်းနှင့်ချီပြီး အိုးအိမ်မဲ့ ဒုက္ခသည်များဖြစ်ခဲ့ရပြီး မတူညီသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုကြား မည်သည့်အခါမှ အတူယဉ်တွဲပြီး နေထိုင်လို့ မရနိုင်ကြောင်း ရခိုင်နိုင်ငံရေး ခေါင်းဆောင်များက ပြောဆိုထားကြသည်။

No comments: