ABC
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေ ခံစားခွင့်ရရှိရေးအတွက် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) က ဦးဆောင်ပြီး ရန်ကုန်မြို့ အပါအ၀င် ရခိုင်ပြည်နယ်တခုလုံးမှာ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုကို သြဂုတ် ၁၈ရက်နေ့မှာစတင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုစလုံးမှာ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ၊ ပိုစတာစိုက်ထူတာတွေ၊ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးစာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တီရှပ်အကျီင်္တွေ ဆင်တူဝတ်ဆင်ပြီး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ RNDP ပါတီက တာဝန်ရှိသူတဦးက ပြောပါတယ်။
ရခိုင်ဒေသက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကို ရခိုင်ဒေသခံတွေ အနေနဲ့ အကျိုးခံစားခွင့် မရရှိတဲ့အပြင် တယူနစ်ကို ၅၀၀ကျပ် ပေးနေရတဲ့အချိန်မှာ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနေတဲ့အတွက် ရခိုင်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေးကော်မတီကိုဖွဲ့စည်းပြီး တောင်းဆိုတာလို့ ပါတီရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဓိကတော့ ကျောက်ဖြူကထွက်တဲ့ gas ကိစ္စပါ အဲဒါကိုဦးတည်ပါတယ်။ ရခိုင်တယံဇာတတွေကို ရခိုင်လူမျိုး တွေအပါအ၀င် ဒေသခံတိုင်းရင်းသားတွေ မခံစားရပဲနဲ့ တိုင်းတပါးကို အစိုးရကနေ ရောင်းချတဲ့ အတိုင်းအတာ ပေါ်မူတည်ပြီးတော့ ကျနော်တို့က ပြုလုပ်တာပါခင်ဗျ။
ရခိုင်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေးကော်မတီက ရခိုင်သယံဇာတကရတဲ့ အကျိုးအမြတ်ကို ရခိုင်ပြည်သူ ပိုင်ဆိုင်ခွင့်ရရှိရေး၊ သယံဇာတတွေကို ခွဲဝေပိုင်ခွင့်၊ စီမံပိုင်ခွင့် ထိန်းချုပ်ပိုင်ခွင့်ရရှိရေး၊ ရခိုင်ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်အောင် ဖော်ဆောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး၊ ၂၄နာရီ လျှပ်စစ်မီး ရရှိရေးတွေကို တောင်းဆိုကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment