Monday, August 12, 2013

ကုလကိုယ်စားလှယ် မြန်မာရောက်ရှိနေ

ABC

မြန်မာနိုင်ငံက ​လူ့အခွင့်အရေးဆိုင်ရာ ​အခြေအနေတွေကို ​စစ်ဆေးလေ့လာဖို့အတွက် ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​ထောမတ်စ် ​အိုဟေး ​ကင်တားနား ​(Tomas ​Ojea ​Quintana) ​က ​မြန်မာနိုင်ငံကို ​သြဂုတ်လ ​မနေ့က ​စတင်ရောက်ရှိနေပြီလို့ ​သိရပါတယ်။

မြန်မာအစိုးရရဲ့ ​ဖိတ်ခေါ်မှုနဲ့ ​လာရောက်လည်ပတ်မဲ့ ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ်အနေနဲ့ ​ခရီးစဉ်အတွင်းမှာ ​ပြည်နယ်တွေ၊ ​အစိုးရတာဝန်ရှိသူတွေနဲ့ ​လူမှုအဖွဲ့အစည်းတွေနဲ့လည်း ​တွေ့ဆုံသွားဖို့ ​ရှိတယ်လို့ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အေဂျင်စီက ​ပြောပါတယ်။

မြန်မာနိုင်ငံက ​ပြုပြင်ပြောင်းလဲမှု ​ဆက်လက်လုပ်ဆောင်လာနေတာနဲ့အမျှ ​အစိုးရအနေနဲ့ ​နိုင်ငံတွင်းက ​နေရာတော်တော်များများမှာ ​သွားရောက်ခွင့်ပြုမှာဖြစ်တဲ့အတွက် ​လူ့အခွင့်အရေး ​အခြေအနေတွေကို ​လေ့လာသုံးသပ်ဖို့ ​သူ့အတွက် ​အခွင့်အရေးကောင်းတခု ​ဖြစ်တယ်လို့ ​ထောမတ်စ် ​အိုဟေး ​ကင်တားနား ​ကပြောတဲ့အကြောင်း ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးက ​ထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

Mr ​Qunitana ​က ​မြန်မာ ​နိုင်ငံတွင်းမှာ ​ဘာသာရေးနဲ့ ​လူမျိုးရေး ​ပဋိပက္ခတွေ ​ဖြစ်ပွါးသွားခဲ့တဲ့ ​ရခိုင်ပြည်နယ်၊ ​မိတ္ထီလာမြို့၊ ​မန္တလေး ​ပတ်ဝန်းကျင် ​တဝိုက်တို့ကို ​သွါးရောက်ဖို့ ​ရှိတယ်လို့ ​သိရ ​ပါတယ်။

တိုင်းရင်းသားလက်နက် ​ကိုင်များ ​နေထိုင်တဲ့ ​နေရာတွေ ​ဖြစ်တဲ့ ​ကချင်ပြည်နယ်နဲ့ ​ချင်းပြည်နယ်တွေကိုလဲ ​သွားရောက်မယ်လို့ ​သိရပါတယ်။

တိုင်းနဲ့ ​ပြည်နယ်ဒေသတွေကို ​လှည့်ပတ်ပြီးနောက် ​နေပြည်တော်မှာ ​အစိုးရဝန်ကြီးတွေနဲ့ ​ဆက်လက်တွေ့ဆုံဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းနဲ့ ​ပတ်သက်တဲ့ ​စုံစမ်းစစ်ဆေးမှု ​ကော်မရှင် ​ဥက္ကဌ ​အဖြစ် ​ဆောင်ရွက်ခဲ့တဲ့ ​ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ ​သွားရောက်တွေ့ဆုံ ​ဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ခရီးစဉ်ရဲ့ ​အမြင်နဲ့ပတ်သက်ပြီး ​ခရီးစဉ် ​နောက်ဆုံးရက်မှာ ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်သွားမှာဖြစ်ပါတယ်။

ခရီးစဉ်နဲ့ ​ပတ်သက်တဲ့ ​အစီရင်ခံစာကိုတော့ ​အောက်တိုဘာလ ​၂၄ရက်နေ့ ​မှာ ​ပြုလုပ်မဲ့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံအတွင်းမှာ ​တင်ပြသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ​ရခိုင်ပြည်နယ် ​ခရီးစဉ်အတွင်း ​တောက်လျောက်ဆန္ဒပြမှုတွေ ​လုပ်မယ်လို့ ​ရခိုင်တိုင်းရင်းသားတွေ ​စီစဉ်ထားကြောင်းလည်း ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

No comments: