Friday, August 23, 2013

ပန်းတနော်မှ အဖမ်းခံရေလုပ်သားများကို ကုမ္ပဏီဘက်က အမှုကျေအေးပေးသော်လည်း ပြန်မလွတ်သေး

အေးအေးကျော် | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃

ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲတိုင်ကြားခံထားရသဖြင့် ရဲစခန်းတွင် စုပေါင်းအဖမ်းခံခဲ့သည့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၄ ဦးကို ကုမ္ပဏီက အမှုကျေအေးပေးလိုက်သော်လည်း လက်ရှိ အချိန်ထိ ယင်းရေလုပ်သားများ ပြန်မလွတ်သေးကြောင်း ရေလုပ်သားများအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူမြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်က သြဂုတ် ၂၂ ရက်တွင် မဇ္ဈိမသို့ ပြောကြားခြင်းဖြစ်ပြီး ယင်းရေလုပ်သားများမှာ ဇူလိုင် ၃၁ ရက်တွင် စုပေါင်း အဖမ်းခံခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီဘက်မှ အမှုကျေအေးပေးခြင်းမှာ သြဂုတ် ၂ ရက်က ဖြစ်သည်။

ယင်းသို့ အမှုကျေအေးပေးသော်လည်း ရေလုပ်သားများ ပြန်မလွတ်ခြင်းနှင့် ပတ်သက်ပြီး တရားရုံးက ပြောကြား သည်ကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က “တရားရုံးက နည်းဥပဒေအတိုင်းဆို ကျေအေးပေးချင်တိုင်း ကျေအေးပေးလို့ မရဘူး။ အဆင့်ဆင့် စာတင်ရသေးတယ်။ အခုလည်း စာတင်ထားပါတယ်၊အထက်က စာပြန်မကျသေးလို့ပါလို့ပြောပါတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “လွန်ခဲ့တဲ့ သုံးပတ်ကတည်းက တရားရုံးမှာ အမှုကို ရုပ်သိမ်းပေးဖို့ အင်းသူကြီးက တရားရုံးမှာလျှောက်ထားပါတယ်။ ဒါပေမဲ့ တရားရုံးက အခုချိန်ထိ အဖမ်းခံရေလုပ်သားတွေကို လွှတ်မပေးသေးပါဘူ”ဟု ဆိုသည်။

ယခုနှစ်ဆန်းပိုင်းတွင် ခနွဲကဘိုရွာမှ ရေလုပ်သားများကို အင်းသူကြီး ဦးကြင်ငြိမ်းက ငါးခိုးဖမ်းမှုဖြင့် စွပ်စွဲပြီး ရဲစခန်း၌အမှုဖွင့်ထားသဖြင့် ဧပြီလအတွင်းက ရေလုပ်သားများကိုကူညီပေးနေသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ကြားဝင်ညှိနှိုင်းပေးခဲ့ရာ အင်းသူကြီးက အမှုပိတ်သိမ်းပေးခဲ့သည်။

သို့သော် ဇူလိုင်လဆန်းတွင် ခနွဲကဘိုရဲစခန်းမှရဲများက ရေလုပ်သားများကို လာဖမ်းသောကြောင့် အခြား ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နောက်ဆုံးတွင် ထွက်ပြေးမတိမ်းရှောင်တော့ဘဲ ဇူလိုင် ၃၁ ရက် တွင် သွားရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့အဖမ်းခံပြီးနောက်ပိုင်း အမှုကိုကျေအေးပေးခဲ့သော်လည်း ရက်ပေါင်း၂၀ ကျော်အထိ ပြန်မလွတ်လာသေးခြင်း ဖြစ်သည်။

အင်းပိုင်ဆိုင်သည့် ဖိုးလမင်းကုမ္ပဏီမှ မန်နေဂျာတစ်ဦးက “ဥပဒေကိုတော့ အစ်ကိုတို့ နားမလည်ဘူး။ သူတို့တွေကို တရားစွဲထားတာ ပုဒ်မ ၃၇၉ လုယက်မှုနဲ့ စွဲတယ်။ ကိုနေမျိုးဇင်တို့ဘက် ကလည်း ကျေအေး ပေးဖို့ပြောတဲ့အတွက်ပြဿနာမဖြစ်အောင် ကျေအေးပေးလိုက်တာပါ။ ကတိအတိုင်း လွှတ်ပေးလိုက်တာ။ တရားရုံးဘက်က ဘယ်လို နည်းဥပဒေတွေနဲ့ လုပ်လည်းဆိုတာတော့ မသိဘူး” ဟု သြဂုတ်၂၂ ရက် က မဇ္ဈိမ၏ ဖုန်းဖြင့်မေးမြန်းမှုကိုဖြေကြားသည်။

No comments: