ABC
မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ၈၈ အရေးတော်ပုံကြီး ၂၅နှစ်ပြည့် ငွေရတုအကြို ဖွင့်ပွဲကို သြဂုတ်လ ၆ရက်နေ့က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ပြီး သြဂုတ်လ ၈ရက်နေ့အထိ ကျင်းပ သွားဖို့ရှိပြီးတော့ ၂၅နှစ်တာအတွင်း ပထမအကြိမ် တရားဝင် ကျင်းပခွင့်ရတာဖြစ်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မဲ့ ၈ လေးလုံးအရေးအခင်း လို့လူသိများခဲ့ပြီး ၈ရက် ၈လ ၈၈ခုနှစ်မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအကြိုဖွင့်ပွဲကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို လူပေါင်း လေးထောင်နီးပါးတက်ရောက်ခဲ့ ပါတယ်။
သုံးရက်ကြာ ကျင်းပသွားမဲ့ ၂၅နှစ်မြောက် ၈လေးလုံး ငွေရတု အခမ်းအနား အဖွင့်အမှာစကားကို ကိုမင်းကိုနိုင်ကပြောကြားခဲ့ပြီး အခမ်းအနားမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခေါင်းစဉ်တွေခွဲပြီး ဆွေးနွေးပွဲတွေပြုလုပ်သွားဖို့ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုက အခုလို ပြောပါတယ်။
“ဒီနေ့ကနေဆွေးနွေးပွဲတွေကို စတင်ကျင်းပတာဖြစ်ပြီး ခေါင်းစဉ်ကို ၆ခုခွဲပြီးဖိတ်ခေါ်ထားတာ ရှိပါတယ်။ ဒီမို ကရေစီရေးတွေ၊ လူ့အခွင့်အရေး ဖော်ဆောင်မှုတွေ၊ နောက်ပြီးတော့ တိုင်းရင်းသား ရေးရာ၊ အနာဂတ်မြန်မာနိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေးကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်မဲ့ နည်းလမ်းတွေရှာဖွေနိုင်ဖို့ အတွက် ဆွေးနွေးပွဲတွေကို ခေါင်းစဉ်တွေခွဲပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”
၃ရက်တာဆွေးနွေးပွဲကနေပြီးတော့ လွန်ခဲ့တဲ့ ၂၅နှစ်က စွန့်လွတ်အနစ်နာခံခဲ့ကြတဲ့သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ကိုပြုံးချိုက အခုလိုဆက်ပြောပါ တယ်။
“ဒီအခမ်းအနားကနေပြီးတော့ လာမဲ့အနာဂတ်မှာ ကျနော်တို့နည်းလမ်းကောင်းတွေ ဘယ်လိုရှာ ဖွေနိုင်သလဲ၊ နောက်ပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက်နီးနီး ကပ်ကပ် ဖော်ဆောင် နိုင်သလဲဆိုတဲ့ ရည်မှန်းချက်တွေအပြင်ကို လွန်ခဲ့တဲ့ ၂၅နှစ်က အရေးတော်ပုံကြီးမှာ ပေးဆပ်စွန့်လွတ် အနစ်နာ ခံခဲ့ကြတဲ့ သူတွေရဲ့ယုံကြည်ချက်တွေ၊ ရည်ရွယ်ချက်တွေကို အကောင် အထည်ဖော်နိုင်ဖို့အတွက် အခြေခံဆုံးဖြတ်ချက် တွေ ရရှိလိမ့်မယ်လို့ ကျနော်တို့ တထစ်ချ ယုံကြည်ထားပါတယ်။”
၁၉၈၈ခုနှစ်ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့သူတွေကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းမှုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၂၅နှစ်မြောက်၈လေးလုံးငွေရတုအခမ်းအနားကို ဒီနှစ်မှာတရားဝင် ကျင်းပခွင့် ရရှိလာတာဖြစ်တဲ့ အတွက် မန္တလေးမြို့နဲ့ တချို့နယ်မြို့တွေမှာလည်း ဒီကနေ့ကျင်းပ ခဲ့ကြတဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
မြိတ်မြို့က ကျင်းပမဲ့ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို အာဏာပိုင်တွေနှောင့်ယှက်
သြဂုတ်လ ရှစ်ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တခြားမြို့တွေမှာ သုံးရက်ကြာ ကျင်းပနေကြသလို မြိတ်မြို့နယ်မှာလည်း သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပေမယ့် အခမ်းအနားကြေညာဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေ ခံခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကြော်ငြာတဲ့အနေနဲ့ စိုက်ထူထားတဲ့ ဗွီနိုင်း ဆိုင်းဘုတ်ပါ စာသားတွေဟာ ပြည်သူတွေကို သွေးထိုးလှုံ့ဆောက်ရာ ရောက်တဲ့အတွက် အဲဒီဆိုင်းဘုတ်တွေကို ဖြုတ်ချပေးဖို့ မြိတ်ခရိုင် ၈၈ မျိုးဆက်အဖွဲ့နဲ့ အန်အယ်လ်ဒီအဖွဲ့ တာဝန်ရှိသူတွေကို ဖိအားပေး ပြောကြားခဲ့ပါတယ်။
ဆိုင်းဘုတ်ပါ စာသားတွေထဲမှာ မြန်မာနိုင်ငံ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမိုကရေစီအရေးတို့အတွက် တိုင်းရင်းသား၊ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီး ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားသို့ မြိတ်မြို့ပြည်သူ တစ်ရပ်လုံး တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါသည် ဆိုတဲ့ စာသားတွေ ပါရှိပါတယ်။
ဆိုင်းဘုတ်မှာ ပါဝင်တဲ့ စစ်အာဏာရှင် ဖယ်ရှားရေး နဲ့ ဒီမိုကရေစီ အရေးတော်ပုံ လူထုလှုပ်ရှားမှု ဆိုတဲ့ အရေးအသားက ပြည်သူတွေကို လှုံ့ဆော်ရာ ရောက်တဲ့အတွက် ဖြုတ်သိမ်းပေးဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားစီစဉ်သူတွေကတော့ ဆိုင်းဘုတ်ပါစာသား ဖော်ပြရတာဟာ လူငယ်တွေ သိရှိနိုင်ဖို့အတွက်သာဖြစ်ပြီး သွေးထိုးလှုံ့ဆော်တဲ့အနေနဲ့ ရေးသားတာမဟုတ်ဘူးလို့ ပြန်လည်ရှင်းပြပြီးနောက် ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် ငွေရတုအခမ်းအနား ကျင်းပမယ့် ကလွင်ရွာ တောရအောက်ကျောင်းရှေ့မှာ တင်ထားတဲ့ ဆိုင်းဘုတ်အပြင် အန်အယ်လ်ဒီရုံးနဲ့ နေအိမ်တချို့က ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းခဲ့ကြပါတယ်။ ဆိုင်းဘုတ်ပါစာသားနဲ့ ပတ်သက်ပြီး ဖိအားပေးခံခဲ့ရတဲ့အပေါ် မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို နိင်ငံရေးပါတီတွေ၊ ကျောင်းသား သမဂ္ဂ၊ မြိတ် ဆရာ/ဆရာမများ သမဂ္ဂ၊ မြိတ်မြို့နယ်လုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ၊ မြိတ်ခရိုင် တောင်သူ လယ်သမား အစည်းအရုံး၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ဘာသာရေး အဖွဲ့တွေ၊ လူမှု အထောက်အကူပြု အဖွဲ့တွေ၊ မြိတ်ခရိုင် ဆရာဝန်လူငယ်များ ကွန်ယက်၊ ABSDF ကျောင်းသား တပ်မတော်သားဟောင်းတွေပါ တက်ရောက်ဖို့ ရှိတဲ့အကြောင်း အလွတ်သတင်းထောက် ရွှေမြိတ်သားလေး ဇော်ဇော်က သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment