ဖြိုးဝေအောင်၊ ကယားထဲ
အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ပြည်သူများအကြား စစ်မှန်သောပြည်ထောင်စုစနစ်ဆိုင်ရာ အသိပညာများလိုအပ်လျက်ရှိရာ အပြန်အလှန်ဆွေးနွေးဖလှယ်ခွင့် အလုပ်ရုံဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမည်ဟု (KNPP) အတွင်းရေးမှူး (၂) ရွှေမျိုးသန့်က ပြောသည်။
အတွင်းရေးမှူး (၂) ရွှေမျိုးသန့်က "မြန်မာနိုင်ငံမှာ တိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒီတိုင်းပြည်ကို ကျနော်တို့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်မှာ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီးတော့မှ လွန်ခဲ့တဲ့အချိန်တွေက ဆိုလို့ရှိရင် ပြောဆို ဆွေးနွေးခွင့်မရခဲ့ဘူး" ဟု ပြောသည်။
စစ်မှန်သောပြည်ထောင်စုစနစ်ဆိုင်ရာ အသိပညာများနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ၊ ထေးသမရပ်ကွက် (မောဒူဒီးဘိုးဟိုး) ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးနောက် ယခုလို ပြောဆိုသွားခြင်းဖြစ်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် စစ်မှန်သော ဖယ်ဒရယ်မူဆိုင်ရာနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံသား Dr.Alam Smith၊ E.B.O မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဆရာ Victor တို့က ပို့ချပေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ NLD ပါတီ၊ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)၊ ကြယ်ဖြူ ၊ ကလလတ၊ KNG၊ ကယန်းအမျိုးသမီးအဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ကယားပြည်နယ်လုံးဆိုင်ရာ ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ချိကယ်လူငယ်၊ ကရင်နီ လူငယ်များက တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်အတွင်းတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပြုလုပ်သွားနိုင်ရန်အတွက် တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
စစ်မှန်သော ပြည်ထောင်စုဆိုသည့် အဓိပ္ပါယ်ကို ပြည်နယ်အတွင်းရှိ လူထုအဖွဲ့အစည်းများကနေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လေ့လာမှသာလျှင် နှစ်ပေါင်း (၆၀)ကျော် ပဋိပက္ခပြဿနာ ကို ဖြေရှင်းနိုင်လိမ့်မည်ဟု KNPP အတွင်းရေးမှူး(၂)က ထပ်လောင်း ပြောကြားသွားသည်။

No comments:
Post a Comment