နန်းမြင့် | ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃
ကိုရဲမင်းဦးနှင့် မတရားထိန်းသိမ်း ဖမ်းဆီးခံရသော အကျဉ်သားများ လွတ်မြောက်ရေးအတွက် မေတ္တာပို့ ဆုတောင်းပွဲကို ရန်ကုန်မြို့ ဆူးလေဘုရားတွင် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၃၁ ရက် နံနက် ကိုးနာရီခွဲ ခန့်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မေတ္တာပို့ ဆုတောင်းပွဲတွင် မကွေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ ဦးဆောင်သည့် သံဃာတော်ငါးပါးနှင့် ဒီမိုကရေစီအင်အားစုများပါဝင်ပြီး သံဃာတော်များက မောရသုတ်နှင့်မေတ္တာသုတ် ပရိတ်တရားတော်များကို ဆူးလေဘုရား ရင်ပြင်တော်တွင် လှည့်ပတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင်ရွှေတိဂုံစေတီတ်ာတွင်လည်း မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်သည်။
မေတ္တာပို့ ဆုတောင်းပွဲနှင့် ပတ်သက်ပြီး မကွေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခက“အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မောရသုတ်နဲ့ မေတ္တာသုတ် ရွတ်ဖတ်ခြင်းဖြစ်တယ်။ ဗုဒ္ဓရဲ့အလိုတော်အရ ရဲမင်းဦးနှင့်တကွ မတရားထိန်းသိမ်း ဖမ်းဆီးခံရသော အကျဉ်းသားတွေ လွတ်မြောက်ရေးအ တွက် မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်ခြင်း ဖြစ်တယ်”ဟု မိန့်ကြားသည်။
ကိုရဲမင်းဦးသည် နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် မတ်လအတွင်းက အရေးယူခံရပြီးနောက်၊ ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ၁၅၃(က)ဖြင့် ထပ်မံအရေးယူခံခဲ့ရသည်။
ဦးပါမောက္ခ ဆက်လက်မိန့်ကြားရာတွင် “မတရားထိန်းသိမ်း ဖမ်းဆီးခံရတဲ့ ပုဂ်္ဂိုလ်တွေ အမြန်ဆုံး လွတ်မြောက်ပေးဖို့ လက်မှတ်ကောက်ပြီး သမ္မတနဲ့ ပြည်ထဲရေးဆီ စာတင်မယ်။ တရားမျှတမှုနဲ့ ထိန်းသိမ်းတာမျိုးကို မဆိုလိုဘူး။ ဘုန်းကြီးတို့က တရားတဲ့ဥပဒေကို မြန်မာပြည်မှာ ပေါ်ပေါက်စေချင်တယ်။ မတရားတဲ့ ဥပဒေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာ အစိုးရကို မေတ္တာရပ်ခံပါတယ်”ဟု မိန့်သည်။
ယင်းဆုတောင်းပွဲများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရွှေတိဂုံဘုရားတွင် ပြုလုပ်ခြင်းဖြစ်ရာ ဒီမိုကရေစီအင်အားစုတစ်ဦးဖြစ်သူ ဦးသန်းရွှေက ဆုတောင်းပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး “နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်စေချင်တယ်။ သမ္မတကလည်း လျှော့ရက်ပေးပြီး လွှတ်ပေးပါတယ်။ ဒီအပေါ်မှာလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှစ်လေးလုံးမတိုင်ခင် လွှတ်ပေးပါလို့ ဒီမိုကရေစီအင်အားစုအနေနဲ့တောင်းဆိုပါတယ်”ဟု ပြောသည်။
အဆိုပါ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတော်တွင် မေတ္တာပို့ ဆုတောင်းခြင်း ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဆူးလေစေတီတော်တွင် ဇူလိုင် ၃၁ ရက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည် ဟု သိရသည်။
No comments:
Post a Comment