Sunday, August 18, 2013

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်နေသေးဟု ERI ဆို

အောင်မင်း

မြန်မာနိုင်ငံတွင်း ရင်းနှီးလုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများအား အမေရိကန် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေသင့်ကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအား လေ့လာစောင့် ကြည့်နေသည့် Earth Rights International (ERI) အဖွဲ့မှ တောင်းဆိုလိုက်သည်။

သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်ရေးအဖွဲ့များကိုယ်စား ERI မှ သမ္မတအိုဘားမားထံသို့ပေးပို့မည့် ပေးစာမူကြမ်း အား ကူညီဖြည့်စွက်ပေးခဲ့ပြီး၊ ယင်းပေးစာမှတစ်ဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် အမေရိကန် ကုမ္ပဏီများ ၏ စီးပွားရေးလုပ်ငန်းဆောင်တာများ “ပြည့်စုံပွင့်လင်းမှု” ရှိစေရန် ဆောင်ရွက်စေသင့်ကြောင်း သမ္မတအိုဘားမား အား တောင်းဆိုထားခြင်း ဖြစ်သည်။

မိမိတို့အနေဖြင့် ယခုလက်ရှိအချိန်တွင် တွေ့ရှိရသည့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ကြီးမားသည့် အားနည်းမှုများတွေ့ရှိရသည်ဟု ERI မှ ပြောသည်။ ထို့ကြောင့် သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းများ၏ သဘောသဘာဝ၏ အကျိုးသက်ရောက်မှုအပေါ် ထည့်သွင်းစဉ်းစား ခြင်း မပြုဘဲ ပိုမိုတင်းကျပ်သည့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု မိမိတို့ အဖွဲ့မှ ယူဆကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီအားလုံးက ထုတ်ပြန်တဲ့အစီရင်ခံစာတွေက အချိန် မှန်မှန်နဲ့ ပြည့်စုံမှုရှိရှိ ဆောင်ရွက်စေရန် ညွှန်ကြားမယ့် သတင်းအစီရင်ခံစာ လိုအပ်ချက်တွေကို ဘယ်လိုစိစစ်မလဲ ဆိုတာကို အစိုးရက ရှင်းလင်းပြောကြားပေးဖို့လည်း တောင်းဆိုထားပါတယ်” ၎င်းအဖွဲ့ မှ ဆိုသည်။

မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့် အမေရိကန် ကုမ္ပဏီများအနေဖြင့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအား ဇူလိုင်လ ၁ ရက် နောက်ဆုံးထား၍ အစီရင်ခံရမည့်ဟု အမေရိကန်အစိုးရ၏ စီမံခန့်ခွဲရေးနှင့် ခန့်မှန်းချေ ရသုံးငွေဆိုင်ရာ ရုံးခန်းမှ လွန်ခဲ့သောမေလတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား သယံဇာတ ထုတ်ယူသုံးစွဲခြင်းနှင့် ပွင်းလင်းမြင်သာမှုဆိုင်ရာ အစီရင်ခံတင်ပြမှုများတွင် အားအနည်း ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် အခွန်ဘဏ္ဍာလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဇွန်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

No comments: