Friday, August 16, 2013

UN လူ့အခွင့်အရေး ကော်မရှင်ထံ အစီရင်ခံစာ တင်နိုင်ဖို့ ကင်ကားနား မြန်မာပြည် ရောက်ရှိနေ

ဖြူဖြူကို

လာမည့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး အစီရင် ခံစာ တင်ပြ နိုင်ရန် အတွက် အချက် အလက်များ လာရောက် ရယူရန် အတွက် မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ယခု ခရီးစဉ်သည် ၄င်း၏ မြန်မာ နိုင်ငံသို့ လာရောက်သည့် (၇) ကြိမ်မြောက် ခရီး စဉ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၃) ရက်နေ့ ၌လည်း ရန်ကုန် အခြေစိုက် လူထု အခြေပြု လူ့အဖွဲ့ အစည်း များနှင့် တွေ့ဆုံ ခဲ့ကြကာ အဖွဲ့များ၏ တင်ပြချက် များကို ရယူ သွားခဲ့ကြောင်း ၄င်းတွေ့ဆုံ ပွဲအား တက်ရောက် ခဲ့သည့် Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“ မစ္စတာ ကင်တားနား က မြန်မာ့ လူ့အခွင့် အရေး ကိစ္စတွေ ဘာတွေ ရှိနေလဲ၊ မြန်မာ ပြည်သူ လူထု ကြားမှာ လူ့အခွင့် အရေး ပုံစံတွေ ဘယ်လိုမျိုး ဖြစ်လာ မလဲ။ တိုးတက်မှု ရှိလာ သလား ဆုတ်ယုတ်မှု ရှိရင်လည်း ဘယ်လို နေရာ မျိုးမှာ ဆုတ်ယုတ်မှု ဖြစ်နေ သလဲ ဆိုတာကို လာရောက် စုံစမ်းတာ ဖြစ်တယ်၊ သူတို့ ဘက်ကတော့ ကျနော်တို့ ပြောတဲ့ အချက်အပေါ် တလေး တစားနဲ့ နားထောင်တယ်” ဟု ဦးအောင်မျိုးမင်း က ပြောသည်။

၎င်းတွေ့ဆုံ ပွဲသို့ ရှေ့နေ ကွန်ယက် အဖွဲ့များ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်၍ အဖမ်းအဆီး ခံရဖူးသည့် လူများ၊ အမှုတွဲ ရင်ဆိုင် နေရ သူများ လယ်သမား၊ အလုပ်သမား အဖွဲ့၊ လူထူ အခြေပြု ကွန်ယက်၊ အမျိုးသမီး အဖွဲ့၊ ငြိမ်းချမ်းရေး အဖွဲ့နှင့် မီဒီယာ အဖွဲ့များ တို့က အသီးသီး တက်ရောက် ခဲ့ကြသည်။

အစိုးရမှ ပြုပြင် ပြောင်းလဲရေးများ ဖော်ဆောင် နေသ်ာလည်း လူ့အခွင့်အရေး တိုးတက်အောင် လုပ်ဆောင် လာနိုင်သေးခြင်း မရှိပဲ လူ့အခွင့် အရေး လုပ်ဆောင် သူများ၊ အသင်းအဖွဲ့ ဖွဲ့စည်းရေး ဆိုင်ရာ များကို ချုပ်နှောင်သည့် ဥပဒေ များ ရှိနေ သေးကြောင်းလည်း ၄င်းမှ ထောက်ပြ သွားခဲ့ ပါသည်။

“အစိုးရ ကို လူ့အခွင့် အရေး ချိုးဖောက် မှုတွေ မလုပ်ဆောင် ဖို့နဲ့ လူ့အခွင့်အရေး ကာကွယ် ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ အတွက် သူတိုက်တွန်း ထားပါတယ်။ ဒါပေမယ့် တိုက်တွန်းထားတဲ့ အတိုင်း တိုးတက်အောင် လုပ်ဆောင်တာ မဟုတ်ပဲနဲ့ အခုလို ဥပဒေ အသစ်တွေ ထပ်ပေါ် ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ဆောင်တဲ့ အချက်တွေကို သူ့အနေနဲ့ သတိပြု မိတယ် ဆိုတာ ကိုတော့ ပြောသွားပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

မြန်မာ့ လူ့အခွင့် အရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ၄င်းဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီမှု မရှိကြောင်းလည်း ကင်တားနားမှ ထောက်ပြ ပြောဆို သွားခဲ့သည်။

ထို့ပြင် လက်ရှိ ဖြစ်ပေါ် နေသည့် မြေယာ သိမ်းဆည်မှု များနှင့် ပတ်သက်၍ ပြည်သူ များ၏ တိုင်ကြားမှုများ နောက်ဆုံး ရရှိသည့် မြေယာ သိမ်းဆည်းမှု အချက်အလက် များကိုလည်း မိမိတို့ လူထု အခြေပြု အဖွဲ့များက တင်ပြ သွားခဲ့ကြောင်း ကိုအောင်မျိုးမင်းက ဆက်ပြောသည်။

မစ္စတာ ကင်တားနားက မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်သည့် အချက်အလက် များအား ပြီးခဲ့သည့် ၄င်းမှ ကုလသို့ တင်သွင်းသည့် အစီရင် ခံစာ များ၌လည်း တင်ပြ ထားခဲ့ကြောင်း ဆိုပါသည်။

ထို့ပြင် ကချင် ဒေသရှိ စစ်ပြေး ဒုက္ခသည် အရေး ကိုလည်း ၄င်းမှ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက် ရှိနေသည့် အခြေအနေ၊ အမျိုးသမီးနှင့် ကလေးများ အကြမ်းဖက်မှု လူကုန်ကူးမှု အန္တရာယ် များ၏ သားကောင်များ ဖြစ်နေ ရခြင်းနှင့် အကာအကွယ် မဲ့နေသည့် အခြေအနေ များကို ရှင်းလင်း တင်ပြ ခဲ့ကာ ၄င်းတို့အား အကာအကွယ် ပေးနိုင်ရေး အတွက်လည်း မစ္စတာ ကင်တားနားမှ တိုက်တွန်း ပြောကြား သွားခဲ့သည်။

(၁၀) ရက်တာ ကြာမြင့်မည့် ၄င်း၏ ခရီးစဉ်၌ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ် များသို့ သွားရောက်ကာ လူ့အခွင့်အရေး အခြေ အနေ ရပ်များအား သွားရောက် လေ့လာမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြား ထားပါသည်။ ထို့ပြင် နေပြည်တော် ၌လည်း အစိုးရ ဌာန ဆိုင်ရာ၊ အာဏာပိုင် များနှင့် တွေ့ဆုံ ရန်လည်း ရှိကြောင်း ဆိုပါသည်။

၎င်းခရီးစဉ် အတွင်း တွေ့ရှိ ရသည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ် များအား ခရီးစဉ် အဆုံး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်း တင်ပြ သွားမည် ဖြစ်သည်။ ထို အစီရင်ခံစာ အားလည်း လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်ရေး ဆိုင်ရာ ကောင်စီ ၌လည်း တင်ပြမည် ဖြစ်ပြီး နိုင်ငံတကာမှ သိရှိအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments: