Monday, September 16, 2013

ဝန်ကြီးနှင့်အမတ်များကို မကြောက်ရန် ပြည်သူကို ၀န်ကြီးဦးဇော်အေးမောင်တိုက်တွန်း

မင်းမင်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၃

အစိုးရ၀န်ကြီးများနှင့် လွှတ်တော်အမတ်များကို ပြည်သူများအနေဖြင့် ကြောက်မနေဘဲ ပြောရဲ၊ ဆိုရဲရှိရန်လိုကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ သခင်စိတ်ရှိဖို့သိပ်လိုတယ်။ အုပ်ချုပ်တဲ့အစိုးရအဖွဲ့ဝန်ကြီးဆိုရင်အလိုလို ဒူးတုန်ကြောက်နေတယ်။ အမှန်မှာ ကြောက်စရာမလိုဘူး။ ၀န်ကြီးဆိုတာ ကိုယ်ခန့်ထားတာ ကိုယ်က ပြောရမှာ ကိုယ်ကခိုင်း ရမှာ။ လွှတ်တော်အမတ်လာခဲ့ ငါဒီလိုပြောချင်တယ်။ လိုအပ်ရင်ဖုန်းဆက်ခေါ်လိုက်” ဟု ၎င်းကပြောသည်။

ပြည်သူလူထုက ဖုန်းဆက်ခေါ်လာမည်ဆိုပါကလည်း ၎င်းကိုယ်တိုင်သွားမည်ဟု ဦးဇော်အေးမောင်က ဆိုသည်။

ရန်ကုန်မြို့ရှိ အလုံမြို့နယ်ခန်းမတွင် စက်တင်ဘာ ၁၅ ရက်ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ၀န်ကြီးကထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲနိုင်သွားသော အမတ်အများစုသည် ရွေးကောက်ပွဲပြီးနောက် ၎င်းတို့အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များသို့ မသွားရောက်တော့သဖြင့် ဝေဖန်မှုများရှိနေသည်။ ထို့ပြင် ယခုနောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် လွှတ်တော်တွင် အမတ်များကို မိမိတို့၏မဲဆန္ဒနယ်များကို ပြန်သွားပြီး ကွင်းဆင်းလေ့လာ ကြရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကလည်း တိုက်တွန်းခဲ့သည်။

ဝန်ကြီးများနှင့် အမတ်များသည်လည်း ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ပေးခဲ့သည့် ကတိက၀တ်များ မည်မျှအထိကျေပွန်ခဲ့သည်ကို တိုင်းတာရန်လိုကြောင်းကိုလည်း ၀န်ကြီးက “ကတိက၀တ်တွေကို ဘယ်လောက် အတိုင်းအတာထိ ကိုယ်လုပ်ပေးနိုင်သလဲဆိုတဲ့ စံနမူနာပေတံ သိပ်အရေးကြီးပါတယ်” ဟုဆိုသည်။

No comments: