Friday, September 20, 2013

မြေလျော်ကြေး ၅၀%ထုတ်ပြီးရင် ကြေးနီစီမံကိန်း ပြန်စမယ်

ABC

စစ်ကိုင်းတိုင်း ​မုံရွာခရိုင် ​လက်ပံတောင်းတောင် ​ဒေသ ​ကြေးနီစီမံကိန်းအတွက် ​သိမ်းဆည်းထားတဲ့ ​မြေယာတွေရဲ့ ​လျော်ကြေးငွေ ​တစ်ဝက်လောက်ကို ​ဒေသခံတွေ ​ထုတ်ယူပြီးရင် ​ကြေးနီစီမံကိန်းကို ​ပြန်လည်စတင်မှာ ​ဖြစ်တယ်လို့ ​သက်ဆိုင်ရာ ​ဒေသအာဏာပိုင်တွေက ​စက်တင်ဘာလ ​၁၉ ​ရက်နေ့မှာ ​ကြေညာလိုက်ပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းအတွက် ​လယ်မြေဧက ​၇၀၀၀ ​ကျော် ​သိမ်းဆည်းထားပြီး ​အဲဒီထဲက ​လျော်ကြေးငွေ ​မထုတ်ယူသေးသူ ​၅၇% ​ရှိနေပြီး ​ထုတ်ယူသူ ​၅၀% ​ရှိတဲ့အခါ ​လုပ်ငန်းတွေ ​စတင်မယ်လို့ ​လက်ပံတောင်းတောင် ​အစီရင်ခံစာ ​အကော်အထည်ဖော်ရေး ​လုပ်ငန်းကော်မတီက ​ကြေညာ ​လိုက်တာဖြစ်ပြီး ​မြေယာ ​လျော်ကြေးတွေကို ​ယခုလ ​၃၀ ​ရက်နေ့ ​နောက်ဆုံးထား ​ထုတ်ယူဖို့လည်း ​ကြေညာထားပါတယ်။


သတ်မှတ်ချိန်အတွင်း ​လျော်ကြေးငွေ ​မထုတ်ယူခဲ့ရင် ​အဲဒီ ​လျော်ကြေးငွေတွေကို ​ဒေသဖွံဖြိုးရေး ​လုပ်ငန်းတွေမှာ ​အသုံးပြုသွားမယ်လို့လည်း ​ပြောဆိုခဲ့ပါတယ်။

သိမ်းဆည်းမြေတွေမှာ ​ထွန်ယက်စိုက်ပျိုးဖို့ ​လုပ်လာမယ်ဆိုရင်တော့ ​အရေးယူသွားမှာ ​ဖြစ်တယ်လို့ ​သက်ဆိုင်ရာက ​ပြောဆိုခဲ့တဲ့အကြောင်း ​လက်ပံတောင်းတောင် ​အရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ပြောပြပါတယ်။

“၁၀၀ ​မှာ ​၅၀ ​ရာခိုင်နှုန်းပြည့်သွားရင် ​ထုတ်ယူရမယ့် ​လယ်ဧက ​ရာခိုင်နှုန်းတစ်ဝက်လောက်ကို ​ထုတ်ယူပြီဆိုတာနဲ့ ​သူတို့ ​စီမံကိန်းကို ​စတော့မှာ ​ဖြစ်ကြောင်း ​အဲဒီကျရင် ​မြေလျော်ကြေးထုတ်ယူတဲ့ ​လယ်သမား ​ဖြစ်စေ ​မထုတ်ယူတဲ့ ​လယ်သမားဖြစ်စေ ​ဒီမြေတွေမှာ ​မူလလယ်မြေတွေမှာ ​ထွန်ယက်လုပ်ကိုင်ခွင့် ​ပေးတော့မှာ ​မဟုတ်ဘူး။ ​လျော်ကြေး ​မယူလည်း ​ဝင်ထွန်တယ်ဆိုရင် ​သူတို့ဖမ်းမယ်ဆိုတဲ့ ​အကြောင်း ​ရဲမှူးကြီး ​နေထွန်းက ​တရားဝင်ပြောတယ်”

ဒါ့အပြင် ​သိမ်းဆည်းထားတဲ့ ​လယ်မြေတွေမှာ ​လယ်ယာမြေ ​သိမ်းဆည်းထားတယ်ဆိုတဲ့ ​အမှတ်အသား ​အလံတွေ ​လုံထိမ်းတပ်ဖွဲ့တွေက ​ပြီးခဲ့တဲ့ရက်တွေကပဲ ​စိုက်ထူခဲ့တယ်လို့လည်း ​ဆိုပါတယ်။

ဒီလိုမျိုး ​ဖိအားပေးမှုတွေ ​ပြင်းထန်လာတဲ့အတွက် ​လယ်သမားတွေအနေနဲ့ ​မတရားတဲ့ ​အမိန့်အာဏာတွေကို ​ဂရုမစိုက်တော့ဘဲ ​အဖမ်းဆီးခံပြီး ​ဆက်လက် ​လုပ်ဆောင်သွားရမယ့် ​အနေအထားဖြစ်နေတယ်လို့ ​ ကိုဟန်ဝင်းအောင်က ​ပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ဗျာ ​သူတို့မှာ ​အာဏာရှိတယ် ​လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ​အရင် ​ဒီစစ်အာဏာရှင် ​လက်ထက်က ​ပုံစံအတိုင်း ​ဒီနေ့အချိန်မှာ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းနဲ့ ​ပက်သက်ပြီး ​သူတို့တစ်ဖက်သက် ​ဆောင်ရွက်မယ်ဆိုရင် ​လယ်သမားတွေအနေနဲ့တော့ ​နောက်ဆုတ်မှာ ​မဟုတ်ဘူး ​အဖမ်းအဆီးခံပြီးတော့ ​တရားမျှတတဲ့ ​အခွင့်အရေးတွေကို ​ဆက်လက်တောင်းဆိုသွားဖို့ ​မတရားတဲ့ ​အမိန့်အာဏာကို ​ဂရုစိုက်တော့မှာ ​မဟုတ်ဘဲနဲ့ ​လုပ်သင့်လုပ်ထိုက်တာကို ​ဖော်ထုတ်သွားမယ်။ ​တက်နိုင်သမျှတော့ ​ကျွန်တော်တို့က ​မတရားတဲ့ ​အမိန့်အာဏာနဲ့ ​တဖက်သက် ​ဖမ်းဆီးမှုကို ​အလွယ်တကူ ​ယုန်လေးတွေ ​ကြောင်လေးတွေလို ​အဖမ်းခံသွားမှာ ​မဟုတ်ဘူး”

လက်ပံတောင်းတောင် ​ဒေသမှာ ​ယခုရက်ပိုင်းအတွင်း ​ယခင် ​အကြမ်းဖက်မှု ​ဖြစ်ပွားခဲ့စဉ်က ​တာဝန်ယူခဲ့တဲ့ ​ဒေသအာဏာပိုင်တွေ ​ပြန်လည် ​ရောက်ရှိနေပြီး ​ဒေသခံတွေအနေနဲ့လည်း ​အကြမ်းဖက်မှု ​ဖြစ်ပွားခဲ့ရင်တော့ ​တက်နိုင် ​သမျှ ​ထိခိုက်မှုနည်းအောင် ​ကာကွယ်ဆောင်ရွက်သွားဖို့အတွက် ​ပြင်ဆင်နေတယ်လို့ ​သိရတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: