Friday, September 20, 2013

တိုက်ပွဲရှောင် မချမ်းဘောမြို့နယ် အင်ခါးဒေသခံအချို့ နေရပ်သို့ မပြန်နိုင်သေး

ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါးဂါးကျေးရွာ ဒေသခံ ၇၀ ခန့်တို့မှာ သြဂုတ်လ ၂၈ ရက်က အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တိုက်ပွဲဖြစ်ပွားအပြီး တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ ပြန်ကြားရေးတာဝန်ခံ ဆရာလမာယော်က ပြောသည်။

“အဲဒီရွာသားတွေအတွက် ဆေးဝါးတွေ၊ အစားအသောက်တွေ လိုအပ်နေတယ်၊ ဒီထက်ပိုအရေးကြီးတာက အစိုးရ စစ်ကြောင်းတွေ ပြန်ဆုတ်သွားရင်တော့ ရွာသားတွေ ပြန်လာမယ်။ စစ်တပ်က အဲဒီမှာ အခြေစိုက်နေတယ်ဆိုတော့ ရွာသားတွေက ဒုက္ခရောက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က KIA ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၇) အခြေစိုက်ရာ အင်ခါးကားကျေးရွာအနီး အစိုးရ၏ မချမ်းဘောမြို့နယ်အခြေစိုက် ခလရ တပ်ရင်း၁၃၇တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့်တောတောင်များသို့ လူ ၁၅၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထက်ဝက်ခန့်မှာ မိမိတို့ ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သော်လည်း ကျန် ၇၀ ခန့်မှာ ဆက်လက်တိမ်းရှောင်နေဆဲ ဖြစ်သည်။

ထိုရွာသားများအား သွားရောက်ကူညီရန် KBC အသင်းတော်မှ ဆရာများ သွားရောက်လိုသော်လည်း လတ်တလော ပူတာအို-မချမ်းဘော ကုန်းလမ်း၊ မလိခမြစ် ရေလမ်းကြောင်းတစ်လျှောက် မည်သူမှ ဖြတ်သန်းခွင့် မရသဖြင့်စောင့်ဆိုင်းနေရသည်ဟု သူက ဆက်ပြောသည်။

“ဒါကြောင့် အဲဒီဘက် ဆေးဝါးနဲ့ အစားအသောက်တွေ ခက်ခဲနေပြီ။ ကျနော်တို့ KBC ကနေ တက်လာပြီဆိုရင် သူတို့အစိုးရက KIO ဘဲထင်တယ်။ ကျနော်တို့လည်း သွားဖို့ရှိတယ်။ အဆက်အသွယ်ကို စောင့်နေပါတယ်” ဟု ပြောသည်။

အင်ခါးကျေးရွာသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည့် ဒေသခံတို့ကိုလည်း အစိုးရဘက်မှ ဆေးဝါးကုသမှုများ ပေးနေ သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် KIO တို့ လာမည့် အောက်တိုဘာလဆန်းတွင် မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၆ နှင့် ၁၇ ရက်က နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

No comments: