Wednesday, September 25, 2013

မလေးသို့ သွားမည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၁ ဦးနှင့်တူ မြန်မာမှ လူမှောင်ခိုသမား အဖမ်းခံရ

နိရဉ္စရာ

မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်နေထိုင်ပြီး မလေးရှားနိုင်ငံသို့ လူမှောင်ခိုပို့နေသူ တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၁ ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ဆိုသူမှာ မူဟာမတ် အီဘရာဟင် ( Mohammad Ibrahim) ဖြစ်ကြောင်း The Daily Star သတင်းစာက ဖေါ်ပြသည်။

မူဟာမတ် အီဘရာဟင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၁ ဦးကို အခြား သူ၏ လုပ်ဖေါ်ကိုင်ဘက် (၄) ဦးနှင့် အတူ မြန်မာ- ဘင်္ဂလာ နယ်စပ်သို့ ကားတစ်စီးဖြင့် သယ်ယူလာစဉ် ကော့စ်ဘဇား- တက်ကနက် ကားလမ်းမပေါ်ရှိ ဒင်ဒါမီယာ ( Damdamia) ဘီဂျီဘီ နယ်ခြားစောင့်တပ်ဂိတ်တွင် အဖမ်းခံခဲ့ရသည်။

တက်ကနက်မြို့ အခြေစိုက် ဘီဂျီဘီ ခေါ် Border Guard Bangladesh နယ်ခြားစောင့် တပ်ရင်း အမှတ် (၄၂)မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဆာဖီကူရ် ရာဟာမန်က ပြောသည်မှာ တနင်္လာနေ့ နံနက် (၇) နာရီတွင် သတင်းအရ အဆိုပါ ဘတ်စ်ကားအား ဒင်ဒါမီယာ စစ်ဆေးရေးဂိတ်မှ ရပ်တန့် စစ်ဆေးစဉ် လူမှောင်ခိုသမား မူဟာမတ် အီဘရာဟင်နှင့် အတူ မလေးရှားသို့ စက်လှေဖြင့် တရားမ၀င် သွားရောက်ကြမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးမိသည်ဟု ဆိုသည်။

နောက်ထပ် အီဘရာဟင်နှင့် အတူ ပါလာသူ လူမှောင်ခိုသမား (၄) ဦးမှာ ထွက်ပြေး လွှတ်မြောက် သွားကြသည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံရသူ ၃၁ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနယ်နယ် အရပ်ရပ် ဖြစ်ကြသည်ဟု ဆိုသည်။

အာဏာပိုင်များ အပြောအရဖမ်းဆီးခံရသူများသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဂျာဆိုး (Jessore)၊ ရာချာဟီ (Rajshahi) ၊ ဘိုဂရာ ( Bogra) ၊ နာရာယန်ဂန်ဂ်ျ ( Narayanganj)၊ နာဆီဒီ ( Narsingdi) ခရိုင်များမှ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့ကို ယခု တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်ပြီဟု သိရသည်။

အလားတူ လွန်ခဲ့သော သောကြာနေ့ကလည်း မလေးရှားသို့ တရားမ၀င် ခိုးသွားကြမည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၈ ဦးကို ကော့စ်ဘဇားမြို့ရှိ ဟိုတည် Sea Park မှ အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ဖမ်းဆီးခဲ့သည်။

သတင်းအရ အဆိုပါ ဟိုတည်အား ညဥ့် ၁၂ နာရီ ၁၅ မိနစ်တွင် ၀င်ရောက်စီးနှင်းစဉ် ဖမ်းဆီးမိခဲ့သည် ဟု အမှတ်(၇) RAB (Rapid Action Battalion) တပ်ရင်းမှ ဗိုလ်မှူး ဆာဝါ အီးအလမ်က ထုတ်ဖေါ် ပြောဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ၃၈ ဦးမှာ နယ်ကျေးလက်တောရွာများမှ ဖြစ်ကြပြီး သူတို့အနေဖြင့် ပထမ တာကာငွေ ငွေ နှစ်ထောင် သုံးထောင်ကို လူမှောင်ခိုပို့သူများအား ပေးကြရပြီး လူစု၍ ရသည်နှင့် သူတို့အား စစ်တကောင်းမြို့သို့ ဘတ်စ်ကားများဖြင့် ပို့ပေးသည်ဟု ဆိုသည်။ စစ်တကောင်းမှ တဆင့် ကော့စ်ဘဇားမြို့သို့ရောက်ရှိသည်နှင့် ကျန်ငွေများကို ပေးကြရပြီး လူမှောင်ခိုဂိုဏ်းများက မလေးရှားသို့ ခိုးသွားမည့် ပင်လယ်ပြင်တွင် ရပ်နားထားသော သင်္ဘော (သို့မဟုတ်) ငါးဖမ်းစက်လှေများသို့ ပို့ပေးကြသည်ဟု အဖမ်းခံရသူများကို ကိုးကားပြီး ဗိုလ်မှူး ဆာဝါအီး အလမ်က ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်ကို လွန်ပြီးနောက် ထိုင်းနိုင်ငံကို ဖြစ်စေ၊ မလေးရှားကို ဖြစ်စေ၊ အင်ဒိုနီးရှားကို ဖြစ်စေ ရောက်ရှိသည်နှင့် သူတို့ကို သူတို့ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြကြောင်း၊ မြန်မာ အစိုးရ နှိပ်စက်၍ ထွက်ပြေးလာကြသူများဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ ဘင်္ဂလာဒေခ်ျ့သို့ ပြန်ပို့မခံရအောင် လုပ်ဆောင်ကြသည်ဟု သိရသည်။

No comments: