Wednesday, September 25, 2013

HIV ပိုးရှိသူများကို ခွဲခြားဆက်ဆံမှုအား တရားဝင်ညွှန်ကြားချက်ဖြင့် တားမြစ်ရန် တောင်းဆိုလိုက်

အေးမြင့်စန်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃

ပုဂ္ဂလိကဆေးခန်းများတွင် HIV ပိုးရှိ သူများကို ကျန်းမာရေးဝန်ထမ်းများက ခွဲခြားနှိမ်ချဆက်ခံမှုများမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ HIV နှင့် အသက်ရှင် နေထိုင်သူများ ကွန်ရက်က တောင်းဆိုလိုက်သည်။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများက HIV ပိုးရှိသူ များအား ခွဲခြားနှိမ်ချဆက်ဆံမှုပြုလုပ်ခြင်းများကို ကြုံတွေ့နေရသောကြောင့် ဆေးကုသမှုခံယူရန် အခက်အခဲတစ်ရပ်ဖြစ်နေသည်ဟု ယင်းကွန်ရက်ကဆိုသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများ၏ HIV ပိုးရှိသူများအပေါ် ဆက်ဆံသည့် အပြုအမူများသည် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ဆေးကုသလိုခြင်း မရှိစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

"ပုဂ္ဂလိကဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေကို လိုက်နာရမယ့် ကျင့်ဝတ်တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ တိုက်ရိုက်ထုတ်ပြန် ပေးမှ ဆေးခန်းတွေမှာ ခွဲခြားနှိမ်ချမှုတွေ
လျော့နည်းသွားမှာ" ဟု ကွန်ရက်ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်ကပြောသည်။

ထို့ကြောင့် HIV နှင့် နေထိုင်သူများ ကွန်ရက်များက HIV ပိုးရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ အချက်(၆)ချက်ဖြင့် စက်တင်ဘာ ၂၄ ရက်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုတောင်းဆိုချက်များတွင် ART ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် စီမံပေးရန်၊ မြို့နယ်အဆင့် ART စင်တာများတွင် HIV ပိုးကူးစက်ခံရသူများ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရန်၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအား လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုမရှိရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်

ညွှန် ကြားချက်ထုတ်ပေးရန်၊ ထိုသို့ညွှန်ကြားချက် ထုတ်ရန် မူဝါဒတစ်ရပ်ကို ကုလသမဂ္ဂအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းပါဝင်ရန် စသော အချက်များဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

HIV ပိုးရှိသူများအတွက် လိုအပ်နေသည့် ART ဆေးဝါးများကို လက်လှမ်းမီ ရရှိရေးအတွက် မြို့နယ်အဆင့် ART စင်တာများကို တိုးချဲ့ပေးမှသာ လူတိုင်း အေအာတီဆေးဝါးများကို အဆင်ပြေစွာရရှိ လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အေအာတီဆေးသောက်သုံးရန် လိုအပ်နေသော အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အားလုံး၏ ၄၀ ရာခိုင်နှုန်းကိုသာ ဆေးပေးဝေနိုင်သေးသည်။

HIV ဖြင့် အသက်ရှင်နေထိုင်သူများကွန်ရက်၏ သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower တွင် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှ HIV ကွန်ရက် ကိုယ်စားလှယ်နှစ်ရာကျော်က အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ ဝန်ဆောင်မှုပေးနေသော အဖွဲ့စည်းများသို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

No comments: