Wednesday, September 18, 2013

မြေပြိုနိုင်သည့် ဧရိယာအတွင်းရှိ စာသင်ကျောင်း ပြောင်းရွှေ့နိုင်ရန် တစ်လကြာဦးမည်

အေးမြင့်စန်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

မြေပြိုကျနိုင်သည့် ဧရိယာအတွင်းရှိနေသည့် ဖလမ်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲကိုအောက်တိုဘာလ မှသာ အပြီးပြောင်းရွှေ့နိုင်မည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမော်က မဇ္ဈိမကို ပြောသည်။

စာသင်ကျောင်း အဆောက်အအံတစ်ခုလုံးကို ပြတ်ရွှေ့ကြောများနှင့် လွတ်ကင်းမည့် ဖလမ်းမြို့ရှိ အခြားနေရာသို့ပြောင်းရွှေ့မည် ဖြစ်သည်။

“ပညာရေးဝန်ကြီးဌာနက ဘတ်ဂျက်သုံးစွဲခွင့်ကို စောင့်နေ ပါတယ်။ ပြောင်းရွှေ့ဖို့နေရာ ရွေးနေတုန်းပါ။ နေရာ အတိအကျ စီစဉ်ပြီးရင် ကျောင်းအဆောက်အအုံကြီး တစ်ခုလုံး ပြောင်းရွှေ့ရုံပဲ၊ အောက်တိုဘာလထဲ အပြီးရွှေ့ပြောင်းသွားဖို့ ရှိပါတယ်”ဟု ဒေါက်တာဘမော်က ဆိုသည်။

အဆိုပါကျောင်းသည် ယခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် ကျောင်းတွင်းရှိ စာသင်ဆောင်နှစ်ခုတွင် အဆောင်တစ်ခုသည် ကမ်းပါးများ ပြိုကျမှုရှိနေသဖြင့် ကမ်းပါးပြိုကျမှုနှင့် လွတ်သည့် စာသင်ဆောင် တစ်ဆောင်တည်းတွင်သာ စာသင်နေရသည်။

“ကမ်းပါးထိပ်မှာ စာသင်ကျောင်းက ရှိတော့ ပြိုကျလာရင် ဘယ်နှယ့်လုပ်မလဲ၊ သင့်လျော်မယ်ထင်တဲ့ နေရာကိုပြောင်းရွှေ့ပေးနေတာကို ကျောင်းအတွင်းမှာ အသိပညာပေးမှု အပိုင်းနဲ့ ပြောပေးနေပါတယ်” ဟု ဒေါက်တာ ဘမော်က ပြောသည်။

ဖလမ်း အခြေခံအထက်တန်းကျောင်းခွဲတွင် မူလတန်းမှ ၁၀ တန်းအထိ ကျောင်းသားပေါင်း တစ်ထောင်ကျော် ရှိနေသည်။

ဖလမ်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ အပါအ၀င် လိုင်ဇိုးရွာနှင့် ဇာလိုင်ရွာ၊ ကျင်မွာရပ်ကွက်၊ ဘလိုင်ရပ်ကွက်များသည် ပြတ်ရွှေ့ကြောင်းများကြောင့် မြေပြိုမှုအန္တရာယ်ရှိနိုင်သည်ဟု ဘူမိဗေဒ ပညာရှင်အဖွဲ့ က ပြည်နယ်အစိုးရအဖွဲ့ကို စက်တင်ဘာလ ပထမပတ်အတွင်းက တင်ပြထားသည်။

No comments: