Wednesday, September 18, 2013

UN ၏ တတိယ အကြိမ်မြောက် အကူအညီများ လိုင်ဇာရောက်ရှိ

အဲာပိုန်

UN အကူအညီ ပေးရေး အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ စစ်ပြေး ဒုက္ခသည်များ အတွက် လစဉ် ရိက္ခာများ ထောက်ပံ့ရန် KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့သို့ ယမာန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိ ခဲ့ကြောင်း ကချင် စစ်ပြေး ဒုက္ခသည် ရေးရာ ကော်မတီ အတွင်းရေးမှူး ဇော်ရော် က ဆိုပါသည်။

“မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့မွန်းလွဲ ၂ နာရီလောက် မှာ ဒုက္ခသည် အတွက် ရိက္ခာတင် ကား ၁၇ စီးနဲ့ လိုင်ဇာကို ရောက်ရှိ လာခဲ့တယ်။ တဘက်ခါ လောက်မှ ပြန်ဖြစ် မှာပါ” ဟု ဆိုသည်။

ဤ အကူအညီသည် လိုင်ဇာ ဒုက္ခသည်များ အတွက် UN အဖွဲ့၏ တတိယ အကြိမ်မြောက် အကူအညီ ပေးခြင်း ဖြစ်ပြီး နောက်ထပ် အကူအညီ ပေးရန် ရှိနေသေးကြောင်းလည်း အတွင်းရေးမှူးက ဆိုပါသည်။

ယခု လာရောက် ဖြန့်ဝေသော ရိက္ခာ များသည် လိုင်ဇာ မြို့၏ အမှတ် (၃) ဈေး စစ်ပြေး ဒုက္ခသည် စခန်းနှင့် လိုင်ဇာ မြို့ပေါ်ရှိ အလန်ဗွန် (IDP Post Ten School ) အထက်စာ သင်ကျောင်း အတွက် စားနပ် ရိက္ခာများ လာရောက်ပေး ပို့ခြင် ဖြစ်ပြီး လိုင်ဇာမြို့နှင့် (၈) မိုင်ခန့် ဝေးသည့် ဂျေယန်းစခန်း အတွက် ပဲ နှင့် ဆားများ ဝေငှ ပေးခဲ့ပါသည်။ရိက္ခာ များသည် တလစာသာ ဖြစ်ပြီး နောက်ထပ် ပေးပို့ရန် ရှိနေသည်ဟု ဆိုပါသည်။


ထို့အပြင် ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF ) အဖွဲ့သည်လည်း လိုင်ဇာ မြို့ပေါ် ဆေးရုံဆေး ပေးခန်းများ အတွက် ဆေးရုံသုံး ပစ္စည်းများ၊ ဆေးပေးခန်း သုံး ပစ္စည်းများ ကလေး အဟာရ အတွက် အထောက်အကူပြု ဆေးဝါးနှင့် အဟာရ မှုန့်များ ပါဝင်သည့် သေတ္တာ အလုံး (၃၀) ခန့် အကူအညီ ပေးခဲ့ သည်ဟု လိုင်ဇာ ဆေးရုံ၏ ဒုတိ ယတာဝန်ခံ Sing Wawn က ဆိုပါသည်။

ယခု ခရီးစဉ်တွင် ရောက်ရှိ လာသော UN အကူအညီ ပေးရေး အဖွဲ့တွင် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) , ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) , ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီ ပေးရေး ခန့်ခွဲရေး ရုံး UN-OCHA, ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) နှင့် နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ (MSF) စသည့် အဖွဲ့ပေါင်း (၇) ဖွဲ့ ခန့် ပူးပေါင်းပြီး လိုင်ဇာကို ရောက်ရှိ လာခြင်း ဖြစ်ပါသည်။

UN အဖွဲ့သည် ၀န်ထမ်း အင်အား (၂၃) ဦးတို့ဖြင့်KIO ၏ လိုင်ဇာမြို့စစ်ပြေး ဒုက္ခသည် တစ်သောင်းခန့် အတွက် ရိက္ခာ ဆေးဝါးများ လာရောက် အကူအညီ ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လိုင်ဇာမြို့ပေါ်ရှိ ဝိုင်ကျိုင် စစ်ပြေး ဒုက္ခသည် စခန်းအတွက် အိမ်သုံး ပစ္စည်း များကိုလည်း ကမ္ဘာ့ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF ) နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့ တို့က ယနေ့ မနက်ပိုင်းတွင် ထပ်မံ အကူအညီ ပေးခဲ့ပါသည်။

UN အကူအညီ ပေးရေး အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ တွင်လည်း ကချင်ပြည် ဗန်မော် ခရိုင် အတွင်းရှိ မိုင်ဂျာယန်း စစ်ပြေး ဒုက္ခသည် စခန်း ကိုလည်း တစ်လစာ အတွက် စားနပ်ရိက္ခာ များဝေငှ ခဲ့ကြောင်း ဆိုပါသည်။

ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF ) တို့သည် ၁၉၅၀ ခုနှစ် ကတည်းကမြန်မာ နိုင်ငံ၏ လူသားချင်း စာနာမှု အကူအညီ ပေးအပ်ရေး ကိစ္စများတွင်အစဉ်တစိုက် ပါဝင် ဆောင်ရွက် လာခဲ့ကြောင်း UNICEF ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားပါသည်။

အထူး သဖြင့် UNICEF အဖွဲ့သည်ကျေးလက် ဒေသ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်မှု၊ ကလေး သူငယ်များပညာရေး၊ သောက်သုံးရေ ရရှိရေး နှင့် HIV ကာကွယ်ရေး တို့ကို အကူ အညီများ ပေးခဲ့ပါသည်။

အစိုးရတို့သည် အပစ်အခတ် ရပ်စဲ ထားသော KIO ကို၂၀၁၁ ခုနှစ် ဇွန်လတွင် စတင် တိုက်ခိုက် ခဲ့ပါသည်။ နှစ်နှစ် ကျော် ကြာလာ ခဲ့သည့် အတွက် KIO ထိန်းချုပ် နယ်မြေ ထဲသို့ ကချင် စစ်ပြေး ဒုက္ခသည် (၇) သောင်း ခန့် ထွက်ပြေး ခဲ့ကြရ ပါသည်။ ဤဒုက္ခသည် များအား KIO မှ လက်ခံ ကျွေးမွေး စောင့်ရှောက် ထားခဲ့ရပါသည်။ အထူးသဖြင့် ရိက္ခာမလုံ လောက်ခြင်း၊ ဆေးဝါး ပြသနာ၊ စာသင်ကျောင်း အမိုး အကာနှင့် ဆောင်းရာသီ အနွေး ထည်များ လိုအပ် နေဆဲ ဖြစ်သည်ဟု ဆိုပါသည်။
 
KIO ထိမ်းချုပ် နယ်မြေ ရောက် ဒုက္ခသည် များအား ပြည်တွင်း အလှူရှင် များကဤစစ်ပြေး ဒုက္ခသည်များ အတွက် ရံပုံငွေ အဖြစ် တေးဂီတ သီဆို ပွဲများ ဆင်နွှဲပြီး ရသည့် အမြတ် အစွန်းဖြင့် ထောက်ပံ့ လာခဲ့ကြရာ မလုံလောက် သဖြင့်KIO ကသာ အဓိက ထောက်ပံ့ နေရခြင်း ဖြစ်ပါသည်။

No comments: