Friday, September 20, 2013

ရွှေဝါရောင် သံဃာတော်တွေကို တောင်းပန်ဖို့ အစိုးရကို တောင်းဆိုကြ

ABC

စက်တင်ဘာ ​၁၈ ​ရက်နေ့မှာကျရောက်တဲ့ ​၂၀၀၇ ​ခုနှစ် ​ရွှေဝါရောင် ​တော်လှန်ရေး ​၆ ​နှစ်ပြည့် ​အခမ်းအနားကို ​မြန်မာနိုင်ငံနဲ့ ​ပြည်ပနိုင်ငံတချို့မှာ ​ကျင်းပခဲ့ကြပြီး ​အစိုးရအနေနဲ့ ​သံဃာတော်တွေကို ​တောင်းပန်ဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေးအကြမ်းဖက်မှုတွေကို ​အဆုံးသတ်ဖို့ ​ရန်ကုန် ​ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ​သာဓုပရိယတ္တိ ​စာသင်တိုက်မှာ ​ကျင်းပခဲ့တဲ့ ​အခမ်းအနားအတွင်း ​သံဃာတော်တွေက ​တောင်းဆိုလိုက်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ​ဦးဆောင်ပါဝင်ခဲ့တဲ့ ​သံဃာတော်တွေက ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီလမ်းကြောင်း ​စတင်ပေါ်ပေါက်လာခါစ ​အချိန်ဖြစ်တဲ့အတွက် ​ဒီလမ်းစလေး ​မပျောက်ပျက်အောင် ​ထိန်းသိမ်းတဲ့အနေနဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခတွေ ​ရှောင်တိမ်းရမယ်လို့ ​တောင်းဆိုကြတဲ့အကြောင်း ​အရှင် ​စန္ဒာသီရိက ​ပြောပါတယ်။

၂၀၀၇ ​ခုနှစ် ​တုန်းက ​မြန်မာနိုင်ငံမှာ ​လောင်စာဆီဈေးနှုန်း ​အဆမတန်မြင့်တက်တာကို ​ကန့်ကွက်တဲ့အနေနဲ့ ​သံဃာတော်တွေ ​စုပေါင်း ​မေတ္တာသုတ် ​ရွက်ဆိုပြီး ​ဆန္ဒပြတာကို ​အာဏာပိုင်တွေက ​အကြမ်းဖက် ​ဖမ်းဆီး ​နှိမ်နင်းမှုတွေ ​လှုပ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီအတွက် ​အနည်းဆုံး ​၃၁ ​ဦးသေဆုံးရပြီး ​ရာနဲ့ချီတဲ့ ​သံဃာတော်တွေ ​ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ​နှစ်ပတ်လည်အခမ်းအနားကို ​ထိုင်းနိုင်ငံမှာလည်း ​ကျင်းပကြပြီး ​ရွှေဝါရောင် ​တော်လှန်ရေး ​အရေးအခင်းမှာ ​ကျဆုံးခဲ့တဲ့ ​ရဟန်းသံဃာကျောင်းသား ​ပြည်သူတွေကို ​ရည်စူးပြီး ​၀ါဆိုသင်္ကန်းကပ်လှူတာတွေ ​မေတ္တာသုတ်ရွတ်ဖတ်ပြီး ​ကောင်းမှုကုသိုလ်ပြုခဲ့ကြပါတယ်။

အဲဒါ့အပြင် ​အစိုးရအနေနဲ့ ​သံဃာတော်တွေကို ​တောင်းပန်ဖို့နဲ့ ​သံဃာတော်တွေ ​အသင်းခွဲတာတွေ ​မလုပ်ဖို့လည်း ​တောင်းဆိုခဲ့ကြတယ်လို့ ​အပြည်ပြည်ဆိုင်ရာ ​သံဃာ့ဥသျှောင်အဖွဲ့ ​မဲဆောက်ဌာနခွဲတာဝန်ခံ ​ဦးစန္ဒောဘာသ ​က ​အခုလို ​မိန့်ကြားပါတယ်။

သံဃာတော်တွေကို ​အစိုးရကနေတောင်းပန်ပါဆိုတဲ့ ​ပထမရည်ရွှယ်ချက်နော် ​ဒုတိယရည်ရွှယ်ချက်ကတော့ ​သာသနာတော်ကြီးကို ​ဖျက်လိုရာဖျတ်စီးကြောင်း ​ကြံစည်တယ် ​ရည်ရွှယ်တယ် ​နောက်ပြီးသံဃာတော်တွေကို ​အသင်းခွဲတယ်။ ​သံဃာတော်တွေကို ​အသင်းခွဲ ​တာကလည်း ​အင်မတန်မှ ​အပြစ်ကြီးတယ် ​အဲဒီဥစ္စာတွေကို ​မလုပ်ပါနဲ့ရပ်တန်းက ​ရပ်ပါဆိုတာကို ​ရည်ရွှယ်ပြီးတော့ ​ဒီခြောက်နှစ်မြောက်ရွှေဝါရောင်လှုပ်ရှားမှုကို ​ကျင်းပရခြင်းဖြစ်တယ်။

၂၀၁၃ ​ခုနှစ် ​စက်တင်ဘာလ ​၁၈ ​ရက်နေ့ဟာ ​ရွှေဝါရောင်တော်လှန်ရေးရဲ့ ​၆ ​နှစ်ပြည့် ​နှစ်ပတ်လည်နေ့ ​ဖြစ်သလို ​ရှစ်လေးလုံးအရေးတော်ပုံအပြီး ​စစ်တပ်က ​အာဏာသိမ်းခဲ့တဲ့ ​၂၅ ​နှစ်ပြည့် ​နှစ်ပတ်လည်နေ့လည်းဖြစ်တဲ့အတွက် ​အဲဒီအတွက် ​အခမ်းအနားတွေလည်း ​ပြုလုပ်ခဲ့ကြတယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: